Friday, October 8, 2010

တိုင်းရင်းသားများအရေး မိတ်ဖက် ၆ ပါတီ ပူးတွဲလုပ်ဆောင်မည်


ဆလိုင်းထွန်း
နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲဝင်မည့် ရန်ကုန်အခြေပြု ဒီမိုကရေစီမိတ်ဖက် ၆ ပါတီက တိုင်းရင်းသားရေးရာ ကိစ္စများ အပါအဝင် အခြား လုပ်ငန်းရပ်အချို့တွင် ပူးပေါင်းလှုပ်ရှားသွားမည်ဟု ဆိုသည်။
ယခုလ ၂ ရက်နေ့တွင် ရန်ကုန်၌ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ၊ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ချင်းအမျိုးသားပါတီ CNP နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ PDP မှ ခေါင်းဆောင် ၃ဝ ခန့် တွေ့ဆုံ ဆွေးနွေးပြီးနောက် မိတ်ဖက်များအဖြစ် သဘောတူခဲ့သည်။

၎င်းတို့အနေဖြင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေးလုပ်ငန်းများ၊ တိုင်းရင်းသား လူမျိုးများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွှတ်တော်အတွင်း ညှိနှိုင်းဆောင်ရွက်ရေးတို့ ပူးတွဲလုပ်ကိုင်သွားမည်ဟု ယနေ့တွင် ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သည်။

“တိုင်းရင်းသားညီအကိုများနဲ့ ပူးတွဲပြီး ဆက်လုပ်သွားမယ်။ သူတို့ရဲ့ ကိုယ်ပိုင်ပြဌန်းခွင့်၊ တန်းတူ ညီမျှခွင့်တွေကို အလေးအနက်ထားပြီး ဖော်ဆောင်ဖို့ ကြိုးပမ်းသွားမယ်။ မြို့နယ်အလိုက်ရှိတဲ့ မဟာမိတ် မိတ်ဆွေပါတီများက ပုဂ္ဂိုလ်တွေ အချင်းချင်းညှိနှိုင်းပြီး မဲဆွယ်စည်းရုံးရေးတွေ လုပ်ဆောင်သွားမယ်’’ ဟု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ’’နောင်အခါမှာလည်း စစ်မှန်တဲ့ ဒီမိုကရေစီရအောင် အုပ်ချုပ်ရေးအာဏာနဲ့ ဥပဒေပြုအာဏာကြားမှာ အပြန်အလှန် ထိန်းကြောင်းတဲ့ စနစ်ကို ပူးတွဲဆောင်ရွက်သွားမယ်။ လွှတ်တော်ထဲ ရောက်တဲ့အထိ လွှတ်တော်ထဲမှာ ပြည်သူအကျိုးပြုမယ့် ကိစ္စတွေကို ပူးတွဲဆောင်ရွက်ဖို့ လမ်းကြောင်းတွေ ချထားတယ်။ ပူးတွဲညှိနှိုင်းရေး ကော်မတီတခုနဲ့ ဦးစီးနာယက ကော်မတီတခုလည်း ဖွဲ့ဖို့ ရာထားပါတယ်” ဟု ပြောသည်။

ပူးပေါင်းဆောင်ရွက်မှုကို စတင်ပြသသည့်အနေဖြင့် NDF နှင့် UDP ပါတီတို့၏ ရုံးများကို ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့၌ ဖွင့်လှစ်ခဲ့ရာ နှစ်ပါတီ ခေါင်းဆောင်များ အပြန်အလှန် တက်ရောက်ခဲ့ကြသည်။

“ပူးတွဲလှုပ်ရှားမှုအနေနဲ့ ပဲခူးမြို့မှာ NDF ရုံး ဖွင့်တယ်။ UDP ရဲ့ ရုံးလည်း ဖွင့်တယ်။ အချင်းချင်း ပူးပေါင်းသွားတာပေါ့။ အစည်းအဝေးကို ဟိုဘက်ဒီဘက် မျှဝေပြီးတော့ လုပ်တယ်။ အမေရိကန်သံရုံးက သံအရာရှိတဦးလည်း တက်လာတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

ယနေ့ ရုံးများ ဖွင့်လှစ်ရာသို့ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ၊ ဒုခေါင်းဆောင် ဦးသိန်းညွန့်၊ ဦးစိန်လှဦး၊ ဒေါက်တာဝင်းနိုင်၊ ဦးစိန်ဝင်းနှင့် UDP ပါတီမှ ဥက္ကဋ္ဌ ဦးသိန်းဋ္ဌေး၊ အတွင်းရေးမှူး ဦးသိန်းတင်အောင်နှင့် ဗဟိုအဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း ၁၃ဝ ဦးခန့် တက်ရောက်ခဲ့ကြသည်။ အခြား ၄ ပါတီမှ တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရသည်။

အခြား မြို့နယ်ဒေသများတွင်လည်း ၎င်းတို့ ၆ ပါတီမှ ပါတီများ ရုံးခန်းဖွင့်လှစ်ကြမည်ဆိုပါက ပူးတွဲလုပ်ကိုင်သွားရန်လည်း အစီအစဉ်များ ရှိနေကြောင်း သိရသည်။

ပူးတွဲဆောင်ရွက်ရန် သဘောတူခဲ့ကြသည့် ဒီမိုကရေစီမိတ်ဖက် ၆ ပါတီသည် လွှတ်တော် ၃ ရပ်တွင် ယှဉ်ပြိုင်မည့် အမတ်လောင်း စုစုပေါင်း ၃၉၆ ဦး ရှိသည်။
Read more...

No comments:

Post a Comment