Friday, September 24, 2010

နအဖတပ်နှင့် ရှမ်းတပ်အကြား ထပ်မံတိုက်ပွဲဖြစ်

ခိုင်လင်း / ၂၃ စက်တင်ဘာ ၂၀၁၀


ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းအဖွဲ့နှင့် နအဖတပ်တို့သည် ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ် မြို့နယ်အတွင်းတွင် ယခုလ (၂ဝ) ရက်နေ့၌ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့၊ တပ်မဟာ (၁) လက်အောက်ခံ ရှမ်းတပ်ဖွဲ့ဝင်အချို့ကို မိုင်းရယ်မြို့နယ်၊ ဝမ်ဟိုင်ကျေးရွာအနီးတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ခလရ (၆၇) က စတင်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ရှမ်းအဖွဲ့ဘက်က (၅) ယောက်က ရွာထဲကနေ စခန်းကို ပြန်လာကြတာ။ အဲဒီမှာ စစ်တပ်ဘက်က စပစ်တာ။ အဲဒီမှာ အပြန်အလှန်ပစ်ခတ်တာပဲ။ ဟိုဘက်ကလည်း လူအင်အား နည်းပုံရတယ်တဲ့။ အဲဒီတိုက်ပွဲက (၁ဝ) မိနစ်လောက်ရှိတယ်။ စစ်တပ်ဘက်က တယောက်ကျပြီး ပြန်ဆုတ်သွားတယ်။ အမ်အေ (၁) သေနတ်တလက်နဲ့ ကျည် (၇) တောင့် ရှမ်းဘက်က ရလိုက်တယ်” ဟု ပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ခလရ (၆၇) နှင့် ခလရ (၃၃) မှ စစ်ကြောင်းများ တိုက်ပွဲဖြစ်ရာ ဒေသအတွင်း ရောက်ရှိလာပြီး ကျေးရွာများသို့ ဝင်ရောက်ကာ ရှမ်းတပ်ဖွဲ့ဝင်များကို ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု အဆိုပါ ရှမ်းတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

၎င်းက “ရှမ်းအဖွဲ့တွေက ရွာထဲကနေ ဆုတ်ထားခဲ့တာ အတော်ကြာပြီ။ ရွာမှာ မနေကြတော့ဘူး။ တကယ်လို့ တိုက်ပွဲတွေဖြစ်ရင် ရွာကို ထိခိုက်မှာစိုးလို့ ရွာနဲ့ဝေးတဲ့နေရာမှာ စခန်းချထားတာ။ ပြောက်ကျားစခန်းတွေပေါ့။ ဟိုတုန်းကလို စခန်းအခိုင်အမာနဲ့ မနေကြတော့ဘူး။ တခါတရံ ရွာထဲ သွားလည်ပတ်တာရှိတာပေါ့။ အဲလို လည်ပတ်တုန်း စစ်တပ်နဲ့တွေ့ပြီး တိုက်ပွဲဖြစ်တာ” ဟု ပြောသည်။

ယခုလ (၁၄) ရက်နေ့ကလည်း သီပေါမြို့နယ်အတွင်း ရှမ်းတပ်ဖွဲ့ တပ်မဟာ (၁) လက်အောက်ခံတပ်နှင့် ခလရ (၁၄၇) အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ယခုတိုက်ပွဲသည် တပတ်အတွင်း ဒုတိယအကြိမ် ဖြစ်ပွားခြင်းဖြစ်သည်။

ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့သည် ၁၉၈၉ ခုတွင် အပစ်ရပ်စဲရေးပြုလုပ်ပြီး နောက်ပိုင်း သီပေါမြို့နယ်၊ စိန်ကျော့တွင် ဗဟိုဌာနချုပ် ဖွင့်လှစ်ထားခဲ့သည်။ ယမန်နှစ်၊ ဧပြီလမှစ၍ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖက ဖိအားပေးခဲ့ရာ တပ်မဟာ (၁) က လုံးဝလက်မခံခြင်းကြောင့် ပြည်သူ့စစ်အသွင်ပြောင်းရေးအစား ရှမ်းတပ်ဖွဲ့တခုလုံး စက်တင်ဘာ (၁) ရက် နောက်ဆုံးထားပြီး လက်နက်စွန့်ရန် နအဖက ထပ်မံပြောဆိုခဲ့သည်။

ရှမ်းတပ်ဖွဲ့ တပ်မဟာ (၁) က လက်မခံခြင်းကြောင့် နအဖတပ်များက ရှမ်းတပ်ဖွဲ့၊ တပ်မဟာ (၁) ဒေသအနီးသို့ ချဉ်းကပ်လှုပ်ရှားပြီးနောက်ပိုင်း နှစ်ဘက်အကြား တိုက်ပွဲများ ဖြစ်နေခြင်းဖြစ်သည်။
Read more...

No comments:

Post a Comment