Friday, October 8, 2010

ရှမ်းပြည် မြောက်ပိုင်း၌ အစိုးရတပ်များ ထပ်မံတိုးချဲ့


သန်းထိုက်ဦး Thursday, October 07, 2010

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ်ထားသော တပ်မဟာ ၁ ဒေသတွင် မြန်မာ စစ်အစိုးရတပ်များ အပြင် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကိုပါ စစ်အရေးအရ ပူးတွဲလှုပ်ရှားရန် ထပ်မံ တိုးချဲ့ထားကြောင်း သိရသည်။
ရှမ်းပြည် မြောက်ပိုင်း တန့်ယန်း ဒေသ အခြေစိုက် ဗိုလ်မွန် ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့၊ စိန်ကျော့ အခြေစိုက် ပြည်သူ့ စစ်တပ်ဖွဲ့ ၀င်များနှင့် တချို့ ပြည်သူ့စစ်တပ်ဖွဲ့များကို ရှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ ဒေသအနီးတ၀ိုက်တွင် ယခုလဆန်း ပိုင်းက ဆင့်ခေါ်ထားကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း( SSA -S) ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလောင်ဆိုင်း က ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရ အနေဖြင့် တပ်မဟာ ၁ ဒေသကို တိုက်ခိုက်ရန်အတွက် ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များကို ဆင့်ခေါ်ထားသကဲ့သို့ ဖြစ်နေ ကြောင်း ၎င်းက ဆိုသည်။ ယခု ဆင့်ခေါ်ထားသော ပြည်သူ့စစ် တပ်ဖွဲ့ဝင်များတွင် ယခင် SSA-N မှ ခွဲထွက်ခဲ့သူများလည်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သော လဆန်းပိုင်းတွင်လည်း ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁ နှင့် လွိုင်လင် အခြေ စိုက်(စကခ) ၂ မှ တပ်ရင်းတချို့ကို တိုးချဲ့ချထားပြီးနောက် ပြည်သူ့စစ်တပ်များကို ထပ်မံတိုးချဲ့ထားခြင်း ဖြစ်သည်။

စစ်အစိုးရက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို ခေါ်ယူခြင်းနှင့် ပတ်သက်၍ တပ်မဟာ ၁ နယ်မြေတွင် စစ်ဖြစ်လာပါက အချင်းချင်း ပြန်လည်တိုက်ခိုင်စေရန်အတွက် ဖြစ်နိုင်ကြောင်း စစ်ရေး စောင့်ကြည့်လေ့လာသူများက ဆိုသည်။

သို့သော် စစ်အစိုးရက ပြည်သူ့စစ် တပ်ဖွဲ့များကို ဆင့်ခေါ်သည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရှိရ သေးပေ။

SSA-N ခေါင်းဆောင် ဗိုလ်ချုပ် ပန်ဖကလည်း ၎င်း ထိန်းချုပ်ထားသော ဒေသရှိ တပ်ဖွဲ့ဝင်များကို အဆင်သင့် ဖြစ်ရန် ပြီးခဲ့သော စက်တင်ဘာလကုန်ပိုင်းက တပ်လှန့်ထားသည်။ ယင်းတပ်တွင် တပ်အင်အား ၃၀၀၀ ခန့် ရှိကြောင်း သိရသည်။

မြန်မာ စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရန်အတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့က လက်မခံသဖြင့် နှစ်ဘက် စစ်ရေး တင်းမာနေခြင်း ဖြစ်သည်။

“အချိန်မရွေး ထပြီးပေါက်ကွဲနိုင်တဲ့ အခြေအနေမှာ ရှိတယ်၊ လွန်ခဲ့တဲ့ လတုန်းကလည်း နအဖ ဘက်ကနေ တပ်မဟာ ၁ ကို ၃ ကြိမ် အထိတောင် တိုက်ခိုက်ခဲ့ပြီးပြီ၊ ဆိုတော့ နအဖ တပ်တွေကလည်း အဲဒီတပ်မဟာ ၁ ကို တစုံတရာ တိုက်ခိုက်ဖို့ ဆောင် ရွက်နေတယ်လို့ သတင်းတွေ ကြားသိရပါတယ်”ဟု စိုင်းလောင်ဆိုင်းက ပြောသည်။

ပြီးခဲ့သည့်လအတွင်း စစ်အစိုးရတပ်များနှင့် တိုက်ပွဲ ၃ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး တပ်မဟာ ၁ ထိန်းချုပ်ထားသော နယ်မြေ ၀မ်ဟိုင်း ဒေသ တ၀ိုက်တွင်လည်း ၀ိုင်းထားသော ပုံစံမျိုးဖြင့် ပြီးခဲ့သည့်လအတွင်း နအဖ တပ်အင်အားများ ဖြည့်ဆည်းထားကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

သျှမ်းသံတော်ဆင့် သတင်း ဌာနမှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်ကလည်း နအဖ တပ်၏ ခြေမြန်တပ်ရင်း(ခမရ) ၃၂၅ တပ်များ ယခုရက်ပိုင်းအတွင်း ထပ်မံ တိုးချဲ့လာသည့်အတွက် ယင်း ဒေသရှိ ရွာသားများကလည်း စစ်တပ်လုံခြုံရေး အတွက် အဓမ္မလုပ်အားပေးခိုင်းစေမှုများ ရှိကြောင်း ပြောသည်။

“ရွာသားတွေ ၂၀၀ ကျော်တယ်၊ သူတို့ကို အဓမ္မလုပ်အားပေးခိုင်းတယ်၊ သစ်တွေ ၀ါးတွေ ခြုံတွေ ရှင်းခိုင်းတယ်၊ တဲတွေ ဆောက်ခိုင်းတယ်၊ ပြီးလို့ရှိရင် ကတုတ်ကျင်းတွေ တူးခိုင်တယ်”ဟု ၎င်းက ဆိုသည်။ အဓမ္မ လုပ်အားပေး ခိုင်းစေခံရသော ရွာသားများသည် မိုင်းရယ်မြို့နယ်အတွင်းရှိ ဒေသခံများဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။
Read more...

No comments:

Post a Comment