ဗဟိုအစိုးရကို လိုလားသော KIO မှ ခွဲထွက်သွားခဲ့သည့် ခေါင်းဆောင်ဟောင်းများ က KIO ကို ဖိအားပေးသော အနေဖြင့် ကချင်လူထု ၏ အသံကို နားထောင်ရန်ဆို ကာ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်မှ YMCA ခန်းမတွင် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီထိ ဗုဒ္ဓဟူးနေ့က အစည်းအဝေးခေါ်ယူခဲ့သည်။
ရပ်မိရပ်ဖများ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ မှ ဘာသာရေးခေါင်းဆောင်များ၊ NGO အ ဖွဲ့ များအပါအဝင် စုစုပေါင်း ၄၀ ဦး ကျော် တက်ရောက်ခဲ့သည်ဟု ဆိုသည်။
“သူတို့က ပြည်သူတွေဘက်က သဘောတူညီမှု ရတယ်ဆိုရင် ဆုံးဖြတ်ချက် ချချင်တယ် ထင်တယ်။ ဒါပေမယ့် ကျနော်တို့ ပြည်သူတွေက ငြိမ်းချမ်းရေးကို လိုချင်တယ်။ ဒါပေမဲ့ စစ်မှန်တဲ့ အပစ်အခတ် ရပ်ဆိုင်းပြီး နိုင်ငံရေးအ ရ တွေ့ဆုံဆွေးနွေးဖို့ လိုချင်တယ်ဆိုပြီး ပြန်ပြောတယ်။ နောက်ဆုံးက သဘောတူညီချက် မရဘဲ နောက်ဆုံး နိဂုံး ချုပ် သွားတယ်။”ဟု အစည်းအဝေး တက်ရောက်ခဲ့သော ကချင် သင်းအုပ်ဆရာ တဦးက ပြောသည်။
KIO မှ စတင် ပစ်ခတ်ခြင်းကြောင့် အစိုးရဘက် မှ စစ်ကြောင်းများ ထိုးခြင်းဖြစ်သည် ဟု ဟောပြောသူများက ပြောဆို ရာက တဘက်သတ် ပြောဆိုခြင်း ဖြစ်သည် ဟု တက်ရောက်လာသူအချို့က ပြန်လည် ငြင်းခုံခဲ့ကြသည် ဟု ဆိုသည်။
ငြင်းချက်ထုတ်သူများဘက် က ကချင်ပြည်နယ်အတွင်း ဗဟိုအစိုးရ မှ စစ်တပ်အင်အား တိုးချဲ့ချထားပြီး ခြိမ်း ခြောက်မှုပြုနေခြင်း ကို ထောက်ပြ ပြောဆိုခဲ့ကြသည်။
ပြည်သူ့စစ်ခေါင်းဆောင်များ၏ ကချင်ဘာသာဖြင့် ရေးသားထားသော အစည်းအဝေး ဖိတ်စာတွင် လက်ရှိ KIO နှင့် အစိုးရတို့ တိုက်ပွဲများကြောင့် မိဘပြည်သူများ ဒုက္ခရောက်နေမှုများ နေ့စဉ် ပိုများလာသဖြင့် အပစ်အခတ် ရပ်၍ ကချင်အမျိုးသားများ၏ ရှေ့ရေးကံကြမ္မာ အေးချမ်းသာယာမည်ဟု ယုံကြည်သဖြင့် မိဘပြည်သူများထံမှ အကြံဉာဏ်နှင့် သဘောထားများ ဆွေးနွေးညှိနှိုင်းရန်ဟု ပါရှိသည်။
ယခင် ကချင် ဒီမိုကရေစီသစ် တပ်မတော် NDAK သည် ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ နယ်ခြား စောင့် တပ်သို့ အသွင်ပြောင်းလဲခဲ့ပြီး ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းသည် အထက်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံ ထားရသည်။ သူ၏တပ်များသည် မြန်မာ-တရုတ်နယ်စပ် ပန်ဝါဒေသတွင် တပ်စွဲထားသည်။ NDAK သည် KIA မှ ခွဲထွက်၍ ၂၀၀၃ ခုနှစ်တွင် ထိုစဉ်က နအဖ စစ်အစိုးရနှင့် အပစ်အခတ် ရပ်ခဲ့သည်။
အလားတူ ၂၀၀၄ ခု နှစ်ဆန်းပိုင်က KIO ခွဲထွက်ခဲ့သော ယခင် KIA ထောက်လှမ်းရေး နှင့် အမျိုးသား လုံခြုံရေး ဌာန တာဝန်ခံဖြစ်သည့် ဗိုလ်မှူးကြီးဟောင်း လဆန်အောင်ဝါ အဖွဲ့သည်၂၀၀၉ ခုနှစ် အောက်တိုဘာလ က အ စိုးရ လက် အောက်ခံ လဝါးယန် ပြည်သူ့စစ်နှင့် ဂွေထူ ပြည်သူ့စစ်ဌာန အဖွဲ့ နှစ်ဖွဲ့ထားသည်။
ဦးလဆန်အောင်ဝါ နှင့် ဦးဇခုန်တိန့်ယိမ်း တို့က ကချင်ပြည်သူ လူထုကိုယ်စားပြုမည့် အဖွဲ့မဟုတ်ဘဲ အကျိုးရှိ မည်မဟုတ်သဖြင့် ထိုအစည်းအဝေး တက်ရောက်ရန် ကန့်ကွက်ခဲ့သည်ဟု မြစ်ကြီးနားမြို့မှ သိက္ခာတော်ရ ဆရာ တဦးကပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂ဝ ရက်နေ့က KIO အဖွဲ့ကလည်း လက်ရှိ နှစ်ဘက် တိုက်ပွဲများအတွင်း ပြည်သူ့ စစ် တပ်ဖွဲ့များကို အသုံးပြုနေမှုများ ရှိသဖြင့် ကချင်အမျိုးသား အချင်းချင်း စည်းလုံးညီညွတ်ရန် ပြည်သူ့စစ်အဖွဲ့ များ KIO ထံ လာရောက် ပူးပေါင်းရန် ဖိတ်ခေါ်သည့် ကြေငြာချက် ထုတ်ပြန်ထားသည်။
ယင်းနောက် အောက်တိုဘာလ ၂၈ ရက်နေ့က ပြည်သူ့စစ်အဖွဲ့ ကိုးဖွဲ့မှ ကေအိုင်အိုကို အစိုးရ နှင့် အပစ်အခတ် ရပ်၍ ငြိမ်းချမ်းရေးယူရန် တောင်းဆိုထားသည့်စာကို မြစ်ကြီးနားမြို့အနှံ့ ဖြန့်ဝေပေးနေပြီး ယနေ့ အစည်းအဝေး တက်ရောက် လာသူများကိုလည်း ဖြန့်ဝေခဲ့သည်။
မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာပေါင်းစုံရှိ ဘုရားကျောင်းများသို့ မြစ်ကြီးနား-ဗန်မော်ကားလမ်းပေါ်ရှိ ကျေးရွာများမှ စစ်ပြေး ဒုက္ခသည်ပေါင်း အနည်းဆုံး ၂,၀၀၀ ဦးရှိနေပြီဟု ဆိုသည်။ ပြီးခဲ့သည့် နှစ်ပတ်အတွက် စစ်ပြေးဒုက္ခသည် များ ထပ်မံ ဝင်ရောက်လာသည်ဟုလည်း သိရသည်။
ပြည်နယ်အစိုးရ၏ ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်နေကြသော KIO ခေါင်းဆောင်များမှာ သြဂုတ်လ ၂ ရက်နေ့ ဆွေးနွေးမှုတွင် သဘောတူညီမှုမရဘဲ ဖြစ်နေသည်။
ဗဟိုအစိုးရဘက်က အပစ်ခတ်ရပ်ဖို့သာ အဓိကထား ဆွေးနွေးလိုနေချိန်တွင် KIO က “ပြည်တွင်းစစ် နှင့် တိုင်း ရင်းသားအရေး ဖြေရှင်းနိုင်ရန် တန်းတူရေးကို အခြေခံသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ” ပြုလုပ်ရန် လိုလား နေသည်။
Source by Source by Mizzima"
No comments:
Post a Comment