Tuesday, January 24, 2012

ပေးထားတဲ့ကတိ မတည်တာကြောင့် မန်းငြိမ်းမောင် အံ့သြမိ

လွှတ်ပေးမယ်လို့ ကတိပေးထားပါလျက် နောက်ထပ် ပုဒ်မကြီးတွေ တပ်ပြီး ရုံးထုတ် စစ်ဆေးခံရတာကို အလွန် အံအားသင့်မိကြောင်း အင်းစိန် အကျဉ်းထောင်တွင်း ထိန်းသိမ်းခံထားရတဲ့ KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်း မောင် က ပြောဆိုကြောင်း အမှုကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားရုံးချုပ် ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။


မန်းငြိမ်းမောင်ကို အစိုးရ နဲ့ KNU ငြိမ်းချမ်းရေး အတွက် ကြားဝင် ဆောင်ရွက်သင့်တဲ့ အချက်အလက်တွေ မေး မြန်းခဲ့ပြီး ပြန်လွှတ်ပေးမယ်လို့ ကတိ ပေးထားခဲ့ကြောင်း မန်းငြိမ်းမောင်က ရှေ့နေကြီး ဦးကြီးမြင့်ကို ပြောလိုက် တယ်လို့ သိရပါတယ်။

“ငြိမ်းချမ်းရေး ရအောင်သာ ကူညီပါ။ ဘယ်လို ငြိမ်းချမ်းရေး ရအောင် လုပ်နိုင်မလဲလို့ အကူအညီ တောင်းတယ် တဲ့။ သူကလည်း သေသေချာချာ ပြောပြတယ်။ သူညွှန်ပြတဲ့ ဆရာတော်တွေ အရလည်း ဒီဘက်က ဆက်သွယ်တဲ့ အခါကျတော့ အောင်မြင်တယ် ပေါ့။ အဲဒီလိုတွေ ဖြစ်ပြီးတော့မှ အခုလို တရားစွဲလိုက်တဲ့ပေါ်မှာ၊ ကတိပေးထား ပြီးတော့မှ ဒီလိုစွဲလိုက်တော့ အရမ်း အံ့အားသင့် နေတယ်။ စိတ်မကောင်းဘူးဗျ။ အဲဒါ ကျွန်တော့်ကို ပြောတယ်” ရှေ့နေကြီး ဦးကြီးမြင့် ပြောပြတာပါ။

မန်းငြိမ်းမောင်ကို မတရားအသင်းနဲ့ဆက်သွယ်မှု ပုဒ်မ ၁၇၊ ၁ နဲ့ နိုင်ငံတော် ပုန်ကန်မှု ၁၂၂-၁ အမှုနှစ်ခု နဲ့ စွဲ ချက်တင်ထားတာပါ။ မန်းငြိမ်းမောင် အဖမ်းခံရတုန်းက ရင်ဆိုင်ခဲ့ရတဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေပုဒ်မ နဲ့ မှတ်ပုံ တင်အတု ပြုလုပ်တဲ့ပုဒ်မ နှစ်ခုအတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံရပြီး အချုပ်ရက် နဲ့ အဲဒီထောင် သက်တမ်းစေ့ သွားပြီးလို့ သိရပါတယ်။

အခုလို ဖဒို မန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေး လက်ဆောင်ဆိုပြီး ပြောတဲ့အတိုင်း ပြန်လွှတ်မပေးတဲ့ အပြင် နောက် ထပ် ပုဒ်မကြီး နှစ်ခု တပ်ပြီး အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးနေတဲ့အပေါ် KNU အနေ နဲ့ စိုးရိမ်မကင်းဖြစ်မိတယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ကေအင်ယူ ပြောခွင့်ရ ပုဂ္ဂိုလ် စောဒေး ဗစ်တောက အခုလို ပြောပါတယ်။
“ဖဒိုမန်းငြိမ်းမောင်ကို ကျွန်တော်တို့ကို ပြန်ပြီးတော့ ထည့်ပေးလိုက်မယ် ဆိုကတည်းက ပြောတာကတော့ တွေ့ ဆုံ ဆွေးနွေးရေး သွားကတည်းက သူတို့ပြောပါတယ်။ ဒါပေမယ့် ဘယ်လို အခက်အခဲတွေကြောင့် ဖဒိုမန်းငြိမ်း မောင် ကျွန်တော်တို့နဲ့ ပြန်ပါမလာနိုင်တာတော့ ကျွန်တော်တို့လည်း နည်းနည်းတော့ စဉ်းစားစရာ ဖြစ်တာပေါ့။

သို့ပေမယ့် ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ ကတော့ ဖဒိုမန်းငြိမ်းမောင်တင် မကပါဘူး၊ တခြားသော ကျွန် တော်တို့နဲ့ ပတ်သက်ပြီး ပြစ်ဒဏ်ခံရတဲ့လူ အားလုံးကို လွှတ်ဖို့ အတွက် ဒီတစ်ခေါက် ပြန်တွေ့တဲ့အချိန်မှာ တောင်းဖို့အတွက် ပြင်ဆင်မှုလုပ်ထားပါတယ်။” ဖဒိုမန်းငြိမ်းမောင် အပါအ၀င် ကေအင်ယူနဲ့ပတ်သက်ပြီး အကျဉ်း ထောင်တွေထဲမှာ ထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၆၀ ကျော် ကျန်နေသေးတယ်လို့ စောဒေး ဗစ်ထောက ပြောပါတယ်။


Source by Source by RFA"
Read more...

SSA မြောက်ပိုင်း မကြာမီ ငြိမ်းချမ်းရေးဆွေးနွေးမည်

ဒီရက်ပိုင်းအတွင်းမှာ လက်နက်ကိုင် တပ်ဖွဲ့ တော်တော် များများက မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်လာ ကြတာ ကိုတွေ့ရပါတယ်။


အဲဒီမှာ ဗိုလ်ချုပ်ပန်ဖ ဦးဆောင်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ ရှမ်းပြည်တပ်မတော် SSA-မြောက်ပိုင်း တပ်ဖွဲ့ ကမြန်မာအစိုးရနဲ့ မကြာခင်မှာ တွေ့ဆုံဆွေးနွေးဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။

မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ SSPP/SSA ကနေပြီးတော့ လာမဲ့ ၂၈ ရက်နေ့ တောင်ကြီးမှာ တွေ့ဆုံဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို အကြောင်းကြားလိုက်ပါပြီ။ အဲဒီလို သွားရောက်တွေ့ဆုံတဲ့နေရာမှာ ပြည် နယ်အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့နဲ့ လက်မှတ်ရေးထိုးဖို့ ကော်မတီတစ်ခုနဲ့ ပြည်ထောင်စုအဆင့် ဆွေး နွေးဖို့ကော်မတီ၁ ခုဆိုပြီး ကော်မတီ ၂ ခုနဲ့သွားမှာဖြစ်တယ်လို့ SSA ကပြောပါတယ်။

ပြည်နယ်အဆင့် ကော်မတီကိုတော့ SSPP နိုင်ငံခြားရေးဌာနက ဗိုလ်မှူးကြီး ခွန်ဆိုင်က ဦးဆောင်မှာဖြစ်ပြီး ပြည် ထောင်စုအဆင့်ကော်မတီကိုတော့ SSPP/SSA ဒုအထွေထွေအတွင်းမှူး ဗိုလ်မှူးကြီး ခေးတိုင်းက ဦးဆောင်သွား မှာဖြစ်ပါတယ်။

ပထမဆုံး အနေနဲ့တော့ ပြည်နယ်အဆင့် အနေနဲ့ပဲသွားရောက်ဆွေးနွေးမယ် ပြည်နယ်အဆင့်မှာ ချက်ချင်း အ ဆင်ပြေမယ်ဆိုရင်တော့ ပြည်ထောင်စု အဆင့်ချက်ချင်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ SSPP/SSA ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။

တောင်းဆိုသွားမည့်အချက်တွေကို အသေးစိတ်မပြောပြနိုင်သေးပေမဲ့ SSA အနေနဲ့ကတော့ အနည်းဆုံးတော့ ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကိုတော့ လက်မှတ်ထိုးနိုင်လောက်မယ်လို့ မျှော်လင့်ထား တယ်လို့ ဗိုလ်မှူးစိုင်းလှကပြောပါတယ်။

Source bySource by BBC"
Read more...

Monday, December 19, 2011

အစိုးရနဲ့ SSA တောင်ပိုင်း ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေး

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS∕SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ နဲ့ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးနိုင် ဖို့ ဇန်နဝါရီလမှာ တွေ့ဆုံကြဖို့ မနေ့က နှစ်ဘက် သဘောတူခဲ့ကြပါ တယ်။

၂၀၀၃ ခုနှစ် နိုဝင်ဘာလက SSA နှင့် မဟာမိတ် တိုင်းရင်းသား တပ်ဖွဲ့ ၆ ဖွဲ့တို့၏ ပထမဆုံး ဗိုလ်လောင်းသင်တန်းဆင်းပွဲ စစ်ရေးပြ

အစိုးရဘက်က အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးခင်မောင်စိုး၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ က စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ခင်မောင်ဌေး နဲ့ SSA တောင်ပိုင်းတပ်ဖွဲ့ က ဗိုလ်မှူးကြီး စိုင်းလှ၊ ဒုတိယ ဗိုလ်မှူးကြီး စိုင်း နင်းတို့ ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

မကြာသေးခင်က အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ငြိမ်းချမ်းရေးကိစ္စကို လာမယ့် နှစ်သစ် ၂ဝ၁၂ ဇန်နဝါရီလအတွင်းမှာ ပြည်တောင်စုအဆင့်နဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ နှစ်ဘက် သဘောတူခဲ့ကြကြောင်း SSA တောင်ပိုင်းတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင် က ပြောပါတယ်။

SSA တောင်ပိုင်းတပ်ဖွဲ့နဲ့ မြန်မာအစိုးရဟာ ရှမ်းပြည်နယ် တောင်ကြီးမြို့ မှာ ဒီဇင်ဘာလ ၂ ရက်နေ့က အပစ်အ ခတ်ရပ်စဲရေး သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲရေး၊ ဆက်သွယ်ရေးရုံးများ ထားရှိရေး၊ လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ လွတ်လပ်စွာ သွား လာနိုင်ရေး၊ နိုင်ငံရေးကိစ္စရပ်တွေကို ပြည်တောင်စုအဆင့်မှာ ဆွေးနွေးရေး စတဲ့ အချက် ၄ ကို ပြည်ထောင်စု အ စိုးရဘက်က ဆွေးနွေးခဲ့သလို SSA တောင်ပိုင်းတပ်ဖွဲ့ကလည်း အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးပြဿနာ တွေ ကို လွတ်လပ်စွာ ဖြေရှင်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် ဗဟိုဌာနချုပ်နယ်မြေ သတ်မှတ်ရေး အပါအဝင် မူး ယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ရေး ကု ချပြဆွေးနွးခဲ့ပြီး နှစ်ဘက် မူအရ သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။

SSA တောင်ပိုင်းတပ်ဖွဲ့ဟာ ၁၉၉၅ ခုနှစ်က မြန်မာ စစ်အစိုးရထံ လက်နက်ချခဲ့တဲ့ ဦးခွန်ဆာရဲ့ MTA တပ်ဖွဲ့က နေ သီးခြား ခွဲထွက်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုအောင်မိုးမြင့် သတင်းပေးပို့ထား တာကို နားဆင်နိုင်ပါတယ်။

Source by Source by RFA"
Read more...

Thursday, December 15, 2011

လူ့အခွင့်အရေးကော်မရှင် စွပ်စွဲချက် KIA ငြင်းဆို

KIA က အရွယ်မရောက်သေးတဲ့ ကလေးတွေကို အဓမ္မ စစ်မှုထမ်းခိုင်းတာကို ကြားသိခဲ့ရကြောင်း လူ့အခွင့်အ ရေး ၏ကော်မရှင် အတွင်းရေးမှူးရဲ့ စွပ်စွဲချက်ကို ကချင်လွတ်မြောက်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ် မှူးချုပ် ဂွမ်မော်က ငြင်းဆိုလိုက်ပါတယ်။

လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များ

KIA မှာ ကလေးစစ်သား မသုံးရေးမူ အရင်ကတည်းက ရှိပြီးသားလို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ဆိုပါတယ်။ ကချင် ပြည်နယ်ကို သွားရောက်လေ့လာခဲ့တဲ့ မြန်မာအစိုးရ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က အဲဒီ လို စွပ်စွဲခဲ့တာပါ။

ပြဿနာများတွေ ဖြေရှင်းရာမှာ အရေးအကြီးဆုံးက စစ်ပွဲတွေ ရပ်တန့်ဖို့လိုတယ်လို့လည်း ဦးစစ်မြိုင်က ဆိုပါ တယ်။ သမ္မတဦးသိန်းစိန်က ကာကွယ်ရေး ဦးစီးချုပ်ကို ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့နဲ့ KIA စခန်းတွေ ကို ထိုးစစ်မဆင်ဖို့ ဒီဇင်္ဘာ ၁၀ ရက်က ထုတ်ပြန်တဲ့ ညွှန်ကြားချက်ကို မိမိတို့ ကြိုဆိုကြောင်းလည်း အစိုးရ လူအ ခွင့်အရေး ကော်မရှင်က ပြောပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ကြေညာချက်မှာ မိမိတို့ ရပ်ရွာများကို စွန့်ခွာထွက်ပြေး လာသူတွေထဲက လူတစ်သောင်းခွဲလောက်ကို ပြည်နယ်အစိုးရအစီအစဉ်နဲ့ စောင့်ရှောက်ထားတယ်လို့ ဆိုပါ တယ်။ ဒီဇင်္ဘာ ၈ ရက်က ၁၀ ရက်အထိ လူ့အခွင့်အရေးကော်မရှင်က ကချင်ပြည်နယ်ကို သွားရောက်လေ့လာ ခဲ့ ရာမှာ စစ်ပွဲကြောင့် ထွက်ပြေးနေရသူတွေထဲက ထောင်နဲ့ချီတဲ့ကလေးတွေဟာ စိတ်ထိခိုက်မှုဝေဒနာ ခံစားနေရ တာ မြင်ခဲ့ရကြောင်း ဒီကနေ့ထုတ် ပြည်တွင်းသတင်းစာတွေမှာ ဖော်ပြထားပါတယ်။

KIA စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အခုလို ကချင်ပြည်သူတွေ ဒုက္ခဆင်းရဲ ကြုံတွေ့နေရတဲ့ စစ်ပွဲရဲ့အဓိက တရားခံ ဘယ်သူလဲဆိုတာကို ပြည်သူတွေကပဲ ဆုံးဖြတ်ပါလိမ့်မယ်လို့ အာရ်အက်ဖ်အေကိုပြောပါတယ်။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့က ဒုက္ခသည်ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး စခန်း ၁၄ ခုမှာ ဒုက္ခသည် ၃ သောင်း ကျော်ကို စောင့်ရှောက်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်ကို သွားရောက်လေ့လာခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်နဲ့ အာရ်အက်ဖ်အေ အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်ချက်ကို နားဆင်ပါ။

Source by Source by RFA"






Read more...