ယခုလ ၉ ရက်နေ့က ကချင်ပြည်နယ်မိုးမောက်မြို့နယ် အတွင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIA တပ်ရင်း ၁၅ နှင့် မြန်မာစစ်တပ်တို့တိုက်ပွဲဖြစ် ပွား အပြီး နောက်တစ်ရက် KIO အား တိုက်ခိုက်ရန် နေပြည်တော် စစ်ရုံးချုပ်က မပခ စစ်တိုင်းသို့ ညွန်ကြား ထားကြောင်း စုံစမ်း သိရသည်။
“၉ ရက်နေ့မှာဖြစ်တာက စစ်တပ် အရာရှိနှစ်ယောက်ကို ဖမ်းထားလို့ ဒေသဆိုင်ရာအမိန့်နဲ့ တိုက်တာ၊ လက်နက်ကြီး မသုံးဘူး နောက်နေ့မနက်စောစော နေပြည်တော်က ပစ်မိန့်ပေးလိုက်ပြီး အခုတိုက်နေတာ နေပြည်တော်အမိန့်နဲ့ တိုက်နေတာ ” ဟု မပခစစ်တိုင်းနှင့်နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ယခုတိုက်ပွဲမှာ နေပြည်တော် စစ်ရုံးချုပ် အမိန့်ဖြင့်တိုက်ကြောင်း၊ ယခင်မြောက်ပိုင်းတိုင်း မြန်မာစစ်တပ် အရာရှိများအား ရက်ပိုင်းအတွင်း နေရာပြောင်းရွှေ့ လိုက်ကြောင်း KIO ဌာနချုပ် လိုင်ဇာမြို့ရှိ KIA အရာရှိ တစ်ဦးကလည်း ပြောသည်။
မိုးမောက်မြို့နယ် အတွင်းရှိ KIA ဘွန်ဆိုင်း (ထုံးဖို) စခန်းအား ယနေ့ညနေပိုင်းအထိ ၅ ရက်မြောက်နေ့အဖြစ် မြောက် ပိုင်းတိုင်း (မပခ) လက်အောက်ခံ မြန်မာတပ်များ ထိုးစစ်ဆင်နေရာ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေ ကြောင်း သူက ဆက်ပြောသည်။
"အခုအထိ လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ၊ တိုက်ပွဲတွေ ၅ ရက်မြောက်ဆက်တိုက် ဖြစ်နေတာပေါ့ ။ လိုင်ဇာနား မှာရှိတဲ့ လဂျားယန် ဂိတ်မှာ ဗမာစစ်တပ်က အင်အားတွေထပ်ဖြည့်ထားတယ် ” ဟု ပြောသည် ။
ယခုလ ၉ ရက်နေ့ တိုက်ပွဲတွင် မြန်မာစစ်တပ်မှ ဗိုလ်မူးတစ်ဦးအပါအဝင် စစ်သည် ၃ ဦး ကျဆုံး၍ ၆ ဦး ဒဏ်ရာရရှိ ခဲ့ပြီး ဗန်းမော်ဆေးရုံသို့ လူနာများ သယ်ဆောင်သွားရာ နောက်တစ်နေ့ ဆေးရုံ၌ ဝမ်းဗိုက် သေနတ်ထိမှန်သူ စစ်သည် တစ်ဦးထပ်မံ သေဆုံးသဖြင့် သေဆုံးသူ ၄ ဦးအထိရှိကြောင်း သိရသည်။
နောက်ထပ်တိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ ဒဏ်ရာရသူ စစ်သည်များ ဗန်းမော်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံအတွင်း အပြင်လူဝင်ခွင့်မပေးသဖြင့် ဒဏ်ရာရသူ အရေအတွက် အတိအကျ မသိရကြောင်း ဗန်းမော်မြို့ခံ တစ်ဦးက ဆိုသည်။
ယမန်နေ့အထိ တိုက်ပွဲများအတွင်း KIA ဘက်မှ ကျဆုံးစစ်သည် ၄ ဦးရှိကြောင်း သိရသည်။
တိုက်ပွဲများရပ်၍ နှစ်ဘက်ညှိနှိုင်းဆွေးနွေးကြရန်နှင့် စစ်တိုက်လိုသောဆန္ဒရှိပါက တစ်ပြည်လုံးအနှံ့ စစ်ပွဲများပျံ့နှံ့သွားမည့်အကြောင်းရေးထားသော စာတစ်စောင်ကို KIO မှ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်ထံ ပေးပို့ခဲ့အပြီး နေပြည်တော် စစ်ရုံး ချုပ်က ပစ်မိန့်ပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါ စစ်ပွဲများကြောင့် ယခင် ၂၄ နာရီပတ်လုံး လျှပ်စစ်မီးရရှိသည့် ဗန်းမော်မြို့မှာ ယခုအခါ လျှပ်စစ်မီးလုံးဝပြတ် တောက်နေကြောင်း သိရသည်။
KIO ဌာနချုပ် လိုင်ဇာနှင့် ဗန်းမော် - မြစ်ကြီးနား ပြေးဆွဲနေသည့် ကားလှိုင်းများ သွားလာမှုလုံးဝနီးပါးရပ်ဆိုင်းသွားသဖြင့် လိုင်ဇာမြို့မှာ ခြောက်ကပ်နေသည်။
မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့တစ်ဘက်ကမ်း တရုတ်နယ်စပ် လားရင်းဒေသသို့ စစ်ပြေးဒုက္ခသည် အချို့ရောက်ရှိနေကြောင်း ဒေသခံမျက်မြင်တစ်ဦးက ပြောသည်။
"မနေ့က ကိုယ်တိုင်သွားကြည့်တယ် စစ်ပြေးဒုက္ခသည်တွေ ရောက်တော့ရောက်လာတယ်။ ဒါပေမဲ့ အရင် ကိုးကန့်စစ်ပွဲတုန်းကလို အလုံးအရင်း ရောက်လာတာမဟုတ်ဘူး တယောက်တပေါက် ရောက်လာတဲ့ပုံစံမျိုးပဲ ခန့်မှန်းခြေက တစ်ထောင် လောက်ရှိနှိုင်တာပေါ့ ” ဟု သူကဆိုသည်။
တရုတ်နယ်စပ်အနီး KIA တပ်စခန်းများ တည်ရှိရာ မြို့ရွာများအတွင်း လူစိမ်းအဝင်အထွက် ကန့်သတ်လိုက်ပြီး စစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
Source By www.mongloi.org
No comments:
Post a Comment