အစိုးရတပ်က ကချင်လက်နက်ကိုင် အဖွဲ့၏ စခန်းများကို လက်နက်ကြီးဖြင့် တိုက်ခိုက်နေသည်မှာ ၂ ရက် ရှိပြီ ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ယနေ့ ပြော လိုက် သည်။

ပြီးခဲ့သည့်လက လိုင်ဇာမြို့အနီး တွေ့ရသော KIA ခေါင်းဆောင် တချို့ (ဓာတ်ပုံ - ဧရာဝတီ)
“သူတို့ကို ပြန်ပစ်မယ် ဆိုရင်တော့ သူတို့ရဲ့ ရေအား လျှပ်စစ်စီမံကိန်း အဆောက်အအုံ၊ စက်ရုံတွေကို ထိနိုင်တယ်၊ အဲဒါကို သူတို့က အကာအကွယ် ယူပြီးတော့ စက်ရုံဝန်းထဲကနေ ကျနော်တို့ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်” ဟု ဦးလနန်က ပြောသည်။
လက်နက်ကြီးကျည်တချို့ KIA တပ်စခန်း အနီးတွင် ကျခဲ့သော်လည်း စခန်းကို ထိခိုက်မှု မရှိကြောင်း၊ အခြေ အ နေကို စောင့်ကြည့်လေ့လာပြီး ခုခံ တိုက်ခိုက်မည် ဖြစ်ကြောင်း ဦးလနန်က ဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် တပတ်ကလည်း လိုင်ဇာမြို့နယ် အတွင်းရှိ KIA ရှေ့တန်း တပ်စခန်းတခု လက်နက်ကြီးများဖြင့် တိုက် ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။
ကျည်ဆံတချို့ တရုတ်နိုင်ငံဘက်သို့ ကျခဲ့ရာ တရုတ် အာဏာပိုင်များက ကျည်ကျသည့် နေရာများကို သွား ရောက် စစ်ဆေးသော်လည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိဟု ဆိုသည်။
မြန်မာအစိုးရကလည်း တိုက်ပွဲသတင်းများကို အမှောင်ချထားသည်။
၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ် ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။
သို့သော်လည်း ပြီးခဲ့သည့်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံများ KIA ထိန်းချုပ်ရာ ဒေသသို့ သွားရောက် ခိုလှုံနေကြသည်။
ကချင်ပြည်နယ်အတွင်း နှစ်ဘက် အပစ်ရပ်ရန် တွေ့ဆုံညှိနှိုင်းမှု၊ အပြန်အလှန် စာရေးသား ဆက်သွယ်မှုတချို့ ရှိသော်လည်း ပစ်ခတ်မှုများ နေ့စဉ် ဖြစ်ပွားလျက်ရှိသည်။
အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ကချင် ဒေသခံများ၏ ဆန္ဒခံယူပွဲကို KIA ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် အင်္ဂါနေ့၌ ပြုလုပ်မည် ဖြစ်ကြောင်း KIA တပ်မှူးတဦးက ဧရာဝတီကို ပြောသည်။
Source By Source by Irrawaddy"
No comments:
Post a Comment