Wednesday, February 2, 2011

မွန်နှစ်ရွာ နေ့ည မထွက်ရ ကာဖျူးထုတ်


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ကင်းကွာခဲ့သည့် လွှတ်တော် အစည်းအဝေးများ စတင်ကျင်းပသည့် ယမန်နေ့မှစ၍ မွန်ပြည်နယ် ဘုရားသုံးဆူနယ်စပ်၌ စစ်အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး KNU က နေ့/ည မထွက်ရအမိန့် ထုတ်ထားကြောင်း ဒေသခံများက ပြောဆိုသည်။
ဘုရားသုံးဆူမြို့ အနောက်ဘက် မိုင် ၁၈ ခန့်အကွာ အိမ်ခြေ ၁ဝဝ ခန့်ရှိ တဒိန်ကျေးရွာနှင့် ၁၅ မိုင်ခန့်အကွာ အိမ်ခြေ ၅ဝ ခန့်ရှိ ကျုံမိပြင်ကျေးရွာများတွင် စစ်အစိုးရတပ်က ညနေ ၆ နာရီမှ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်နှင့် KNU က ရွာအပြင် နေ့မထွက်ရအမိန့် ရက်အပိုင်းအခြားမရှိ ထုတ်ထားခြင်း ဖြစ်သည်။

“ည ၆ နာရီကျော်ရင် အပြင်ထွက်လို့လည်း မရဘူး၊ ဓာတ်မီးထိုးလို့လည်း မရဘူး။ ရွာလည်မှာ စစ်တပ်တွေ ရှိတယ်။ နေ့ဆိုရင် ရွာပြင်ထွက်လို့ မရဘူး၊ KNU က ပိတ်ထားတယ်။ လမ်းမှာ သူတို့ ဗုံးထောင်တာ တွေ့သွားမှာ စိုးလို့” ဟု တဒိန်ရွာသူတဦးက မဇ္ဈိမကို ပြောသည်။

နှစ်ဖက်စလုံးက ထိုကဲ့သို့ နေ့ည မထွက်ရအမိန့်ထုတ်ထားသည်ဟု ဘုရားသုံးဆူနယ်တဝိုက် လှုပ်ရှားနေသည့် KNU ၏ တပ်မတော်ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၆ နှင့် နီးစပ်သူက ပြောဆိုသည်။ သို့သော် အမိန့်အတိုင်း မလိုက်နာပါက မည်ကဲ့သို့ အရေးယူမည်ကို ပြောဆိုထားခြင်း မရှိဟု ဆိုသည်။

KNU ဒုဥက္ကဋ္ဌ စောဒေးဗစ် သာကပေါကမူ ထိုဒေသသည် KNLA တပ်မဟာ ၆ ၏ နယ်မြေဖြစ်သည့်အတွက် တပ်မဟာ ၆ နှင့်သာ တိုက်ရိုက်သက်ဆိုင်ကြောင်းသာ မဇ္ဈိမကို တုံ့ပြန်ပြောဆိုသည်။

တဒိန်ရွာတွင် ခမရ ၄ဝ၆ တပ်ရင်း အင်အား ၄ဝ ကျော်က သံဖြူဇရပ်မှ ဘုရားသုံးဆူမြို့သို့ တက်လာသည့် ခမရ ၅၆၆၊ ခမရ ၃၇၃ တပ်ရင်းများကို လမ်းကြောင်းတလျှောက် လုံခြုံရေးပေးရန်အတွက် တပ်စွဲထားသည်။

ထိုတပ်ရင်းများသည် ရွေးကောက်ပွဲကာလအတွင်း နယ်စပ်ဒေသကို လုံခြုံရေးပေးရန်နှင့် KNU ကို ထိုးစစ်ဆင်ရန်အတွက် လာခြင်းဖြစ်ကြောင်း ဒေသခံ စစ်ရေးအကဲခတ် တဦးက ပြောသည်။

တပ်ရင်းနှစ်ရင်းနှင့်အတူ စစ်လက်နက်များနှင့် တပ်ရိက္ခာများကို သယ်ဆောင်ရန်အတွက် ထိုတပ်ရင်းများက သံဖြူဇရပ်မြို့နယ်မှ ၆ ဘီးကား ၂၇ စီးကို ချောဆွဲခဲ့ပြီး KNU က လမ်းတွင် ခြုံခိုတိုက်ခိုက်ခြင်းကြောင့် ယနေ့ထိ သုံးဆူမြို့ထိ မတက်နိုင်သေးကြောင်း သူက ပြောသည်။

ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းသည် နှစ်စဉ် ပွင့်လင်းရာသီများတွင် ခရီးသည်တင်ကားများ ပြေးဆွဲခဲ့သော်လည်း ပြီးခဲ့သည့်လ ၁ဝ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့သည်။

ယခုလ ၂၈ ရက်နေ့တွင် ဘုရားသုံးဆူ အခြေချ ရှေ့တန်းတပ်ရင်း ခမရ ၄ဝ၆ က မြို့နယ် မော်တော်ယာဉ် အသင်းမှ ၁ဝ ဘီးကား ၂ စီးကို တစီးလျှင် ထိုင်းဘတ် ၆ သောင်းဖြင့် ငှားပြီး တပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများကို ကြိုခဲ့ကာ၊ လမ်းတွင် KNU က ခြုံခိုတိုက်ခိုက်ခြင်းကြောင့် စစ်အစိုးရတပ် တပ်သား ၃ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ထို့အပြင် ကားမောင်းသမားတဦး သေဆုံးပြီး နောက်လိုက် တဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သုံးဆူမော်တော်ယာဉ် အသင်းနှင့် နီးစပ်သူတဦးက ပြောသည်။ Read more...

No comments:

Post a Comment