စိုင်းဇွမ်ဆိုင်း Thursday, October 21, 2010
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) က ၎င်းတို့ ထိန်းချုပ်နယ်မြေ အတွင်းမှ ဒေသခံများကို စစ်ရေးအသင့် ပြင်ထားရန် ညွှန်ကြားထားမှုများနှင့် လက်နက်တပ်ဆင်ပေးခြင်း များ ရှိနေသည် ဟု သတင်းရရှိသည်။

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့တွင် KIA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
KIO ၏ လက်ထောက်အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါက“ကျနော်တို့ဘက်က တရားဝင်ကြီး တပ်လှန့် လိုက် တာမျိုးတော့ မရှိပါဘူး၊ ဒါပေမယ့် ဒီလိုအခြေအနေမျိုးရောက်လာပြီဆိုတော့ ဒေသအလိုက်မှာရှိတဲ့ တပ်ဖွဲ့ဝင်တွေ ရော၊ ဒေသခံ ပြည်သူလူထုရော ဘာလုပ်ရမလဲဆိုတာ သိကြပြီးသားပဲ”ဟု ဧရာဝတီသို့ ပြောသည်။
ဒေသခံများအား လက်နက်တပ်ဆင်ပေးထားသည် ဆိုသည့် သတင်းကိုမူ မဟုတ်မှန်ကြောင်း ငြင်းဆိုပြီး ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့စစ်တပ်ဖွဲ့များကိုသာ လက်နက် ထုတ်ပေးထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ဆင်ဝါက ဆက်လက် ပြောဆိုသည်။
KIO ဌာနချုပ်တည်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့ ဒေသခံတဦးကမူ“KIA ကနေ ကျမတို့ကို သေနတ်တွေနဲ့ ကျည်ဆန် တွေ ထုတ်ပေးထားတာမျိုးရှိတယ်၊ ကျမတို့ရွာတွေကို ဗမာ စစ်တပ်ဘက်က တိုက်ခိုက်လာရင် ကာကွယ်ဖို့အတွက် ဆိုပြီးမှ ထုတ်ပေးထားတာ”ဟု ယမန်နေ့က ဧရာဝတီသို့ ပြောသည်။
နအဖ စစ်တပ်မှ ထိုးစစ်ဆင်လာလျှင် ကာကွယ်ရန်အတွက် ကျေးရွာများ၌လည်း အထူးလုံခြုံရေးတပ်ဖွဲ့များ ဖွဲ့စည်းထားပြီး ဖြစ်သည်ဟုလည်း ယင်းဒေသခံက ပြောသည်။
ကချင်သတင်းဌာန အယ်ဒီတာ ကိုနော်ဒင်း ကလည်း KIO မှ တိုက်ရိုက်အုပ်ချုပ်သည့် အရပ်သားတပ်ဖွဲ့ ဟု ခေါ်ဆိုနိုင်သည့် လက်နက်ကိုင်အဖွဲ့တဖွဲ့ကို ယခုနှစ် အစောပိုင်းကတည်းက ဖွဲ့စည်းထားခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ယင်းအဖွဲ့၏အင်အားသည် ထောင်ဂဏန်းရှိကြောင်း ပြောဆိုသည်။
နောက်ဆက်တွဲ သတင်းများအရ ပြီးခဲ့သည့် တနင်္လာနေ့က ဖမ်းဆီးခဲ့သည့် ဗိုလ်ကြီး ခေါင်လွမ်းနှင့် အခြားတပ်ဖွဲ့ဝင် ၂ဦးတို့ လွတ်မြောက်သွားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က KIO သို့ အကြောင်းကြားခဲ့သည်ဟုလည်း သိရှိရ သည်။
ဖမ်းဆီးခံရသည့် ဗိုလ်ကြီးခေါင်လွမ်းနှင့် အဖွဲ့သည် ယခုလ ၁၅ ရက်နေ့က ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မိုင်းနင်းမိ၍ ဒဏ်ရာရခဲ့သူ ၂ဦးကို သွားရောက်ကြည့်ရှု၍ KIA ညွှန်ကြားချက်အတိုင်း နစ်နာကြေးများ သွားပေးပြီး အပြန်တွင် ဒေသခံ ရဲတပ်ဖွဲ့များနှင့် စရဖ အဖွဲ့များပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းတို့အား ဖမ်းဆီးရသည့် အကြောင်းရင်းကို KIA မှ မသိရှိရကြောင်း မိုင်းနင်းမိသည့် ကိစ္စအား မကျေနပ်၍ ဖမ်းဆီးခြင်း ဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီး ဆင်ဝါကပြောသည်။
KIO ၏ ဒုတိယ နိုင်ငံခြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင်ကလည်း ဗိုလ်ကြီး ခေါင်လွမ်း နှင့်အဖွဲ့သည် အမှန် တကယ် လွတ်မြောက်ခဲ့သည်ဟု ဆိုပါက ယခုအချိန်တွင် KIO တာဝန်ရှိသူများထံသို့ တနည်းနည်းဖြင့် သတင်းပို့ သင့် ကြောင်း၊ နအဖ ဘက်က ထိန်းသိမ်းထားစဉ်တွင် ပျောက်ဆုံးသွားခြင်းဖြစ်သဖြင့် ၎င်းတို့တွင် တာဝန်ရှိကြောင်း ဆိုသည်။
အင်အား ၈ ထောင်ခန့်ရှိသော KIA သည် ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ အစိုးရ ညွှန်ကြားထား သည့် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို ငြင်းဆန်နေခြင်းကြောင့် စစ်အစိုးရဘက်မှ ဖိအားပေးမှုများ၊ ထိုးစစ်ဆင်ရန် အလား အလာများ ရှိနေသည်ဟု စစ်ရေးလေ့လာသူများက ဆိုသည်။
No comments:
Post a Comment