Monday, October 18, 2010

မွန်ငြိမ်းချမ်းရေးအဖွဲ့နှင့် နအဖ သဘောတူညီမှု မရရှိသေး

ဝီရ / ၁၄ အောက်တိုဘာ ၂၀၁၀

ဌာနေပြည်သူ့စစ် ဖွဲ့စည်းရန် နအဖစစ်အစိုးရ၏ ဖိအားပေးခံနေရသော မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့သည် ၎င်းတို့၏တောင်းဆိုချက်များကို နအဖဘက်မှ လိုက်လျောမှု မရှိသေး၍ နှစ်ဖက် သဘောတူညီမှုမရကြသေးကြောင်း သိရသည်။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူ စီးပွားရေးသမားတဦးက “ဒီအဖွဲ့ကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ကော့ယက္ခကျေးရွာမှာပဲ တစုတည်းနေဖို့ ပြောတယ်။ ဒီအဖွဲ့က အခြေချနယ်မြေ (၃) နေရာနဲ့ အထူးစည်းရုံးရေး (၃) နေရာ တောင်းတယ်။ ဒါကြောင့် ဌာနေပြည်သူ့စစ် ဖွဲ့ဖို့ မလုပ်နိုင်သေးတာပါ” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ဌာနေပြည်သူ့စစ် ဖွဲ့ရန်အတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) က ချမှတ်ပေးထားသော ကော့ယက္ခ အထူးဒေသအပြင် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကော့ဒူး၊ ကော့မနော့နယ်မြေ၊ ရေးမြို့နယ် သောင်ပြင်၊ ကဗျာဝ၊ မကျီးကျွန်းနယ်မြေနှင့် အထူးစည်းရုံးရေးနယ်မြေအဖြစ် စီးပွားရေးအတွက် အချက်အခြာကျသော သံဖြူဇရပ် ရသေ့တောင်နယ်မြေ၊ မုဒုံမြို့ပေါ်နှင့် သထုံခရိုင် ဒေသတို့ကိုလည်း မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က တောင်းဆိုထားကြောင်း ၎င်းက ပြောသည်။

စစ်အစိုးရ၏ ပံ့ပိုးမှုဖြင့် ဆက်လက်ရပ်တည်နေသော အဖွဲ့ဖြစ်သည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကို မွန်ပြည်သစ်၏ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် နိုင်အောင်နိုင်က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၎င်းသေဆုံးသွားသည့် ၂၀၁၀ ခု သြဂုတ်လ (၁၀) ရက်နေ့မှစ၍ မွန်ပြည်သစ် ဗိုလ်မှူးဟောင်းတဦးဖြစ်သူ နိုင်ရှောင်က ဦးဆောင်နေခြင်းဖြစ်သည်။

မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင် အားလုံးသည် အောက်တိုဘာ (၁၁) ရက်နေ့ နောက်ဆုံးထား၍ ကရင်ပြည်နယ် ကော့ယက္ခဒေသသို့ ပြောင်းရွှေ့နေထိုင်ပေးရန် စစ်ဘက်ရေးရာလုံခြုံရေးဌာနက တပ်ဖွဲ့ခေါင်းဆောင်အား ရတခ တပ်ဖွဲ့ရုံး၌ ခေါ်ယူပြောကြားခဲ့ကြောင်း တပ်ဖွဲ့ခေါင်းဆောင်နှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိ တပ်ဖွဲ့ခေါင်းဆောင် နိုင်ရှောင်က ၎င်းတို့တပ်ဖွဲ့ကို ဌာနေပြည်သူ့စစ်အစား မွန်လုံခြုံရေးတပ်ဖွဲ့ (သို့မဟုတ်) မွန်ဒေသလုံးဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့အဖြစ် ပြောင်းလဲပေးရန် ပြီးခဲ့သည့်ရက်ပိုင်းက စစ်အစိုးရအား တောင်းဆိုထားကြောင်း သိရသည်။

“သူတို့အဖွဲ့ကို မွန်ပြည်နယ်မှာ မထားဘဲ ကရင်ပြည်နယ်ထဲက တနေရာတည်းမှာပဲ ထားတယ်ဆိုကတည်းက ညှိလို့ မဖြစ်နိုင်တော့ဘူးလေ။ ဒါပေမယ့် ရွေးကောက်ပွဲမလုပ်ခင် သူတို့အဖွဲ့ကိစ္စ အပြီးသတ် ဖွဲ့စည်းရမယ်ဆိုတော့ ဒီထက်ပိုတဲ့ ဖိအားပေးမှုတွေနဲ့ ဒီအဖွဲ့ ကြုံရနိုင်တယ်။ ဒါပေမယ့် သူတို့အဖွဲ့က မွန်ပြည်သစ်တို့လို လက်နက်ကိုင်အဖွဲ့ကြီးတွေကို ရင်ဆိုင်ဖို့ စစ်အစိုးရအတွက် အသုံးချစရာ မရှိမဖြစ် လိုအပ်နေတဲ့အဖွဲ့ ဖြစ်နေတော့ တောင်းဆိုထားတဲ့အတိုင်း လိုက်လျောမလားဆိုတာ စစ်အစိုးရအပေါ်မှာပဲ မူတည်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အင်အား (၁၀၀) ပင် မပြည့်သော ထိုတပ်ဖွဲ့သည် ဌာနေပြည်သူ့စစ် ဖွဲ့စည်းနိုင်ရန် ပြီးခဲ့သည့်လများက စီးပွားရေးဆိုင်ရာ အခွင့်အရေးများ ပေး၍ တပ်ဖွဲ့ဝင်အသစ်များကို စည်းရုံးပြီး စစ်သင်တန်း ပေးခဲ့သေးကြောင်း နီးစပ်သူများ၏ အဆိုအရ သိရသည်။
Read more...

No comments:

Post a Comment