Friday, September 10, 2010

ကေအိုင်အိုတပ်ဖွဲ့အပေါ် နအဖက ကန့်သတ်မှုများ ပြုလုပ်

ခိုင်လင်း / ၀၉ စက်တင်ဘာ ၂၀၁၀


ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ တပ်ဖွဲ့ဝင်များသည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ၏ ခွင့်ပြုချက်ရရှိမှသာ မြို့၊ ရွာများသို့ ခရီးသွားလာခွင့်ရရှိမည်ဟု သိရသည်။
ယခုလ (၅) ရက်နေ့၌ ကေအိုင်အို ဆက်ဆံရေးရုံးသို့ မပခမှ အရာရှိတဦးက ကေအိုင်အို ခေါင်းဆောင်များအပါအဝင် တပ်ဖွဲ့ဝင်များသည် ခရီးသွားလာရာတွင် နယ်မြေခံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ထံ သတင်းပေးပို့ပြီး မပခ၏ ခွင့်ပြုချက်ဖြင့်သာ ခရီးသွားလာရမည်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့သည်ဟု ကေအိုင်အိုနှင့် နီးစပ်သူ မြစ်ကြီးနားမြို့ခံက ပြောသည်။

၎င်းက “အခုအမိန့်က ဆက်ဆံရေးရုံးက လူတွေတောင် အကျပ်ရိုက်စေတယ်။ တကယ်လို့ လိုင်ဇာပြန်ရင် ဒီကို ပြန်လာလို့ ရချင်မှ ရတော့မှာ။ မပခ က ခွင့်မပြုဘူးဆိုပြီး ညစ်ထားလိုက်ရင် ရတယ်။ ကေအိုင်အိုကလူတွေ သွားတာလာတာကို မပခက ထိန်းချုပ်လိုက်တာ။ သွားဖို့၊ လာဖို့ မပခ အပေါ်မှာ မူတည်သွားပြီ” ဟု ပြောသည်။

ကေအိုင်အို တပ်ဖွဲ့ဝင်များအားလုံး စရဖထံ သတင်းပို့၍ သွားလာကြရမည်ဖြစ်ပြီး အထက်အရာရှိများ အနေဖြင့် မခပ၏ ခွင့်ပြုချက်ကို ရရှိမှသာ သွားရမည်ဖြစ်ကြောင်း ကေအိုင်အို တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး ဆင်ဝါးက ပြောသည်။

၎င်းက “ဘယ်ကိုသွားမယ်လာမယ်ဆိုပြီး သတင်းပို့တာကတော့ တပ်ဖွဲ့ဝင်အားလုံး စရဖဆီမှာ သတင်းပို့ရတာပေါ့လေ။ အထက်အရာရှိတွေကျတော့ မပခဆီမှာ အရင် ခွင့်တောင်း၊ သူတို့ခွင့်ပြုရင်တော့ သွားပေါ့ဗျာ” ဟု ပြောသည်။

ယခင်က ကေအိုင်အို အုပ်ချုပ်ရေးရုံးမှ ခရီးသွားခွင့်ပြု လက်မှတ်ကိုင်ဆောင်ထားသူ ကေအိုင်အို တပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ စစ်ဆေးရေးဂိတ်များတွင် လက်မှတ်ပြရုံဖြင့် လွတ်လပ်စွာသွားလာနိုင်ခဲ့ရာမှ ယခုအခါ စရဖထံ သီးသန့် သတင်းပို့ကြရမည်ဟုလည်း ကေအိုင်အို တပ်ဖွဲ့ဝင်တဦးက ပြောသည်။

နအဖ ထိန်းချုပ်နယ်မြေအတွင်း ခရီးသွားလာမှုများသာမက ကေအိုင်အို ဆက်ဆံရေးရုံးများတွင် တပ်ဖွဲ့၏ ယူနီဖောင်း ဝတ်ခွင့်ကိုလည်း တားမြစ်ထားကြောင်း ကေအိုင်အိုနှင့် နီးစပ်သူ မြစ်ကြီးနားမြို့ခံက ပြောသည်။

၎င်းက “ပွဲအချိန်မှာ၊ ကချင်ပြည်နယ်နေ့ မနောပွဲချိန်ကျရင် ယူနီဖောင်းနဲ့ သွားလာလို့ရတယ်။ ကျန်အချိန်တွေကတော့ မြို့ပေါ်က ဆက်ဆံရေးရုံးတွေမှာ ဝတ်လို့ရတယ်။ အခုက မြို့ပေါ်ကရုံးမှာ ယူနီဖောင်း မဝတ်ဖို့ လာပြောတော့ ကေအိုင်အိုဗဟိုကလည်း သူတို့မဝတ်စေချင်ရင် မဝတ်ကြနဲ့ဆိုပြီး ပြန်ညွှန်ကြားတယ်တဲ့။ အခု ဆက်ဆံရေးရုံးက လူတွေလည်း အရပ်ဝတ်တွေနဲ့ နေကြတယ်” ဟု ပြောသည်။

စက်ဘာဘာ (၁) ရက် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်ဖွဲ့ရန် သို့မှမဟုတ် လက်နက်စွန့်ရန် နအဖဘက်က ရာဇသံပေးခဲ့သော်လည်း ကေအိုင်အိုအဖွဲ့က ၁၉၉၄ ခုနှစ် အပစ်ရပ်စဲရေး သဘောတူညီချက်အတိုင်း ခိုင်မာသော ထာဝရငြိမ်းချမ်းရေး တည်ဆောက်မည်ဖြစ်ကြောင်း၊ ပင်လုံ ကတိကဝတ်နှင့် ပင်လုံစာချုပ်ပါ အချက်အလက်အတိုင်း စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုတွင် တန်းတူညီမျှမှုဖြင့် အတူယှဉ်တွဲ နေထိုင်မည်ဖြစ်ကြောင်း သြဂတ် (၃ဝ) ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ကာ လက်မခံကြောင်း တုံ့ပြန်ခဲ့သည်။
Read more...

No comments:

Post a Comment