Friday, September 10, 2010

စွမ်းအားရှင်များ တကျော့ ပြန်လာမည်


စည်သူ Friday, September 10, 2010

ရွေးကောက်ပွဲ ကာလတွင် လူထုအုံကြွမှုများ ဖြစ်ပေါ်လာပါက အကြမ်းဖက် နှိမ်နင်းရန် စစ်အစိုးရက လူဆိုး လူမိုက်များကို စွမ်းအားရှင် အဖြစ် ပြန်လည် စုစည်းနေကြောင်း သတင်းရရှိသည်။

suesuenwe0828
“ရွေးကောက်ပွဲ မတိုင်မီမှာ ပြည်သူတွေက သူတို့ ဆန္ဒတွေကို ဖော်ထုတ်လာရင် အကြမ်းဖက် နှိမ်နင်းဖို့ စွမ်းအားရှင် အဖွဲ့တွေကို ပြင်ဆင်နေတယ်” ဟု စစ်ဘက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) မှ အငယ်တန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

အမှတ် (၁) စက်မှု ၀န်ကြီးဋ္ဌာန ၀န်ကြီး ဦးအောင်သောင်းက စွမ်းအားရှင်များကို အဓိက စုစည်းနေခြင်း ဖြစ်ပြီး ၎င်း၏ဇာတိ တောင်သာမြို့နယ်ရှိ ကျေးလက် ဒေသများ တွင်လည်း စွမ်းအားရှင်များစွာ စုစည်းထားကြောင်း တောင်သာ ဒေသခံတဦးက ပြောကြားသည်။

“ဦးအောင်သောင်းက စည်းရုံးရေးကောင်းတယ်။ တောဘက်မှာဆို ထန်းရည်သမား၊ အရက်သမားတွေ၊ လူပေလူတေတွေကို စည်းရုံးထားတာ။ တခါတလေ သူကတောင် တောင်သာလာရင် အဲဒီ အပေအတေတွေနဲ့ အရက်ဝင်သောက်သေးတာ။ ဟို ကောင်တွေကလည်း အဲဒီတော့ ဘာလုပ်ပေးရလုပ်ပေးရ ဖြစ်ကုန်တာပေါ့” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ရပ်ရွာများရှိ ရာဇဝတ်မှု ကျူးလွန်ဖူးသူများ၊ ရဲမှတ်တမ်း ရှိဖူးသူများကို စည်းရုံးကာ စွမ်းအားရှင်ထဲသို့ သွင်းထားကြောင်း၊ ယခုအခါ စွမ်းအားရှင်များသည် နိုင်ငံတဝန်းတွင် ရှိနေပြီ ဖြစ်ကြောင်း စရဖမှ အငယ်တန်း အရာရှိက ဆိုသည်။

“ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်တယ်ဆိုတော့ စွမ်းအားရှင်တွေကို ဒီတပွဲမှာလည်း သုံးရဦးမယ်လို့ အထက်လူကြီးတွေက ယူဆကြပုံရတယ်” ဟု ၎င်းက ပြောသည်။

နေပြည်တော်တွင်လည်း နိုင်ငံရေးနှင့်ပတ်သက်၍ တစုံတရာဖြစ်ပွားပါက အကြမ်းဖက်နှိမ်နင်းရန် စွမ်းအားရှင်များကို အသင့် အနေအထား အမြဲတမ်းထားရှိကြောင်းလည်း သိရသည်။

၂၀ဝ၇ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေးတွင် စစ်အစိုးရသည် စွမ်းအားရှင်များကိုလည်း အသုံးပြု၍ အကြမ်းဖက် နှိမ်နင်းခဲ့သည်။
Read more...

No comments:

Post a Comment