Monday, March 15, 2010

စစ်အုပ်စု၏ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်စပ်လျဉ်းသော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု - မဒတ၏ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။၁၃ရက် မတ်လ ၂၀၁၀ခုနှစ်။ ကြေညာချက်အမှတ် -၀၅/၀၆/ဦးစီး -၁၀

၁။ ၂၀၁၀ ခုနှစ် မတ်လ ၈ရက်နေ့တွင် ထုတ်ပြန်လိုက်သော နအဖစစ်အုပ်စု၏ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေများသည် (ဥပဒေအမှတ် ၁/၂၀၁၀ မှ ၅/၂၀၁၀ ထိ) တရားမျှတမှုအလျင်းမရှိဘဲ တိုင်းရင်းသားတို့၏ အခြေခံအခွင့်အရေးနှင့် ဒီမိုကရေစီ အခြေခံအဆောက်အအုံများကိုမည်သို့ မျှရရှိနိုင်မည်မဟုတ်သောကြောင့် မဒတ တပ်ပေါင်းစုမှ ကန့်ကွက်ရှုတ်ချလိုက်ပါသည်။


၂။ စစ်အုပ်စုထုတ်ပြန်လိုက်သော ဥပဒေများသည်စစ်အုပ်စုမှ ချမှတ်ထားသည့် တဘက်သတ် စည်းမျဉ်းများကို လက်ခံလိုက်နာခြင်းမပြုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအ၀င်အခြားနိုင်ငံရေးပါတီအားလုံးကို ပါတီအဖြစ်ရပ်တည်ခွင့်ပြုမည်မ ဟုတ်ဘဲအများပြည်သူတို့၏ နိုင်ငံရေးတွင်ပါဝင်လှုပ်ရှားခွင့်များကို မျှတမှုကင်းမဲ့စွာကန့်သတ် လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့်စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအား လုံးပါဝင်နိုင်ခြင်းမရှိသည့်အပြင် လွတ်လပ်မှု၊တရားမျှတမှုလည်း ရှိမည်မဟုတ်ကြောင်း ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများကပင် ထောက်ပြဝေဖန်လျှက်ရှိသည်။

၃။ ထို့အတူ တိုင်းရင်းသားပြည်နယ်ဒေသများကို ရွေးကောက်ပွဲမှတဆင့် စစ်တပ်ကိုယ်စား လှယ်များ၊ စစ်တပ်စိတ်တိုင်းကျဆောင်ရွက်မည့် ကိုယ်စားလှယ်များဖြင့် တဘက်သတ်ရယူကာ အုပ်ချုပ်မည်ဖြစ်သောကြောင့် တိုင်းရင်းသားအခွင့်အရေးများ ရရှိနိုင်မည်မဟုတ်သကဲ့သို့ တိုင်းရင်းသားလူမျိုးတို့တောင်းဆိုသည့် ပြည်ထောင်စုနိုင်ငံလည်း ဖြစ်လာမည်မဟုတ်ပေ။ နအဖ စစ်အုပ်စုတို့ကိုယ်တိုင် မိဘပြည်သူများကို တဘက်သတ်ဖိနှိပ်အုပ်ချုပ်သကဲ့သို့ တိုင်းရင်းသားအချင်းချင်း ဇာတ်တူသားစားရန်အတင်းအဓမ္မ ဖန်တီးထားခြင်းပင်ဖြစ်သည်။

၎။ ထို့ပြင် စစ်ခေါင်းဆောင်တို့ချုပ်ကိုင်ထားသော ရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲ တွင်ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များကို အချိန်အခါ နေရာမရွေးပယ်ဖျက်ပိတ်ပင်နိုင်သည့် လုပ်ပိုင်ခွင့်အပြည့်အ၀ ပေးအပ်ထားခြင်းမှာလွှတ်တော် တခုလုံးတွင် စစ်တပ်သြဇာထိန်းချုပ်ထားနိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းကို စစ်တပ်မှတိုက်ရိုက်ရယူထားသည့်အပြင် လွှတ်တော်တခုလုံးကို ထပ်မံထိန်း ချုပ်ခြင်းသည် ဒီမိုကရေစီ စံနှုန်းလုံးဝမရှိခြင်းပင်ဖြစ်သည်။

၅။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၃/၂၀၁၀အရ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလာဒ်ကို ပျက်ပြယ်ကြောင်းကြေညာလိုက်ခြင်းသည် ၁၉၉၀ ပြည့်တွင်ဆန္ဒမဲပြုခဲ့သည့် ပြည်သူလူထုတ ရပ်လုံးကိုစော်ကားလိုက်ခြင်းပင်ဖြစ်သည်။ ထို့အတူ ယခုရွေးကောက်ပွဲသည် နအဖစစ်အုပ်စု စိတ်တိုင်းကျမဖြစ်ပါက ဆန္ဒမဲပြုထားသော ပြည်သူလူထုတို့၏ဆန္ဒကို နည်းလမ်းပေါင်းစုံဖြင့် အချိန်မရွေးပယ်ဖျက်မြည်ဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်ဖြစ်သည်။ ထို့အတူ တိုင်းပြည်

၏ပကတိနိုင်ငံရေးပြဿနာကို နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးဖြေရှင်းရန် လုံးဝဆန္ဒမရှိကြောင်း နှင့်အဖွဲ့ချုပ်အဆိုပြုထားသည့် ရွှေဂုံတိုင်ကြေညာချက်ကို တိတိပပကျောခိုင်းလိုက်ပြီးဖြစ် ကြောင်း နအဖစစ်အုပ်စုက ထပ်မံဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။

၆။ ၁၉၉၀ ပြည့်နှစ်တွင် လူထုထောက်ခံမှုကိုအပြည့်အ၀ရရှိထားသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ တရားဝင်မှုကိုလည်းကောင်း၊ တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးကိုကိုယ်စားပြုသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ တရားဝင်မှုကိုလည်းကောင်း၊ စစ်ခေါင်းဆောင်များ နည်းလမ်းပေါင်းစုံဖြင့်ပျက်ပြယ်စေရန်ဖျက် ဆီးလျှက်ရှိသည်။ လူထုထောက်ခံသည့် တရားဝင်မှုအပြည့်အ၀ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လူထုကိုယ်စားပြုတိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ၏တရားဝင်မှုကို မိမိတို့ မဒတ တပ်ပေါင်းစုမှအလေးအနက် ထောက်ခံယုံကြည် ကြောင်းအတိအလင်းဖော်ပြလိုက်ပါသည်။

၇။ ထို့ကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာဖြေရှင်းသည့်လမ်းစဉ် ကိုသွေဖယ်ပြီး စစ်အာဏာသက်တမ်းရှည်ရေးလုပ်ငန်းစဉ်များကို တဘက်သတ်ပြုလုပ်နေ သော နအဖ စစ်အုပ်စုကိုမိမိတို့ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများက စုစည်းညီညွတ်စွာဖြင့်နည်းလမ်းပေါင်းစုံ တော်လှန်ရေးတိုက်ပွဲ ၀င်ကြရမည် ဖြစ်သည်။ မိမိတို့ မဒတ တပ်ပေါင်းစုအနေဖြင့် နအဖစစ်အုပ်စု၏လမ်းပြမြေပုံ ၇ချက်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက် သွားမည်ဟု သဘောထားထုတ်ပြန်ထားပြီးဖြစ်ကြောင်း တိုင်းရင်းသားမြန်မာပြည်သူလူထု တရပ်လုံးနှင့်လက်တွဲကာ ရည်မှန်းချက်ပန်းတိုင်သို့ မရောက်မချင်း ဆက်လက်တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း မဒတ တပ်ပေါင်းစု၏သဘောထားကို ထုပ်ပြန်ကြေညာလိုက်ပါသည်။

“တပ်ပေါင်းစုဖြင့် အောင်ပွဲခံရမည်”

ဗဟိုအလုပ်အမှူဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု - မဒတ
Read more...

No comments:

Post a Comment