Wednesday, March 31, 2010

မိုင်းလားတပ်ဖွဲ့အား ဗိုလ်ချုပ်ရဲမြင့်က ပဉ္စမအကြိမ် နောက်ဆုံးဒက်လိုင်းရာဇသံထပ်ပေး



နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် မိုင်းလားတပ်ဖွဲ့အား နအဖ၏ စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် ခေါ်ယူတွေ့ဆုံ၍ ဧပြီလနောက်ဆုံးပတ်သတ်မှတ်ရက် အဖြေပေးရန်၊ သို့မဟုတ်လျှင် မတရားအသင်းဖြစ်မည်ဟု ဖိအားပေးခဲ့ကြောင်း ကျိုင်းတုံ - ပန်ဆန်း သတင်းရပ်ကွက်ကဆိုသည်။

ဗိုလ်ရဲမြင့်က မိုင်းလားခေါင်းဆောင်တွေကိုပြီးခဲ့တဲ့ ၂၈ ရက်က တွေ့ဖို့လှမ်းခေါ်တယ်။ လာမယ့် ဧပြီလ ၂၈ တကယ့် နောက်ဆုံး အချိန်ထပ်ပေးမယ်၊ အသွင်ပြောင်းရင်ပြောင်း မပြောင်းရင် ဘာညာပေါ့၊ မိုင်းလားကိုယ်စား လှယ် အဖွဲ့ကတော့ ဘာဆိုဘာမှ ပြန်မပြောရဘူး”- ဟုအမည်မဖေါ်လိုသည့် ကျိုင်းတုံစစ်တိုင်းရုံးအသိုင်းအ၀ိုင်း နှင့်ဝင်ဆန့်သူတဦးက ပြောပါသည်။

ဒုဗိုလ်ချုပ်ကြီးရဲမြင့် ဖိတ်ခေါ်ချက်အရ ဒုဥက္ကဌ (၂) စ၀်ဆန်လူ၊ ဒုစစ်ဦးစီးချုပ် စ၀်ခမ်းမောင်၊ ကျိုင်းတုံရှိ မိုင်းလား အဖွဲ့ရုံးတာဝန်ခံ စိုင်းစိုးဝင်း အပါအ၀င် မိုင်းလား ကိုယ်စားလှယ် ၈ ဦး မတ်ခ်ျ ၂၉ ရက် မနက်ပိုင်းက တြိဂံစစ် တိုင်းရုံးသို့ ရောက်ရှိပြီး စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့် တိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုးတို့အား သွားရောက် တွေ့ဆုံခဲ့သည် ဟုဆို၏။ ထို့အတူ UWSA ပန်ဆန်းဌာနချုပ်အားလည်း ဧပြီ ၁ ရက် တန်ယန်းသို့ သွားတွေ့ရန် မှာကြားခဲ့သည်ဟု ဆိုသည်။

ရောက်ရောက်ချင်း စရဖ အရာရှိချုပ် က လာမည့် ဧပြီ ၂၈ ရက် တနှစ်ပြည့် နောက်ဆုံးသတ်မှတ်ရက် ယတိပြတ် ကန့်သတ်ပေးကြောင်း၊ တစုံတရာအကြောင်းမပြန်လျှင် ၁၉၈၉ မတိုင်မီ နှစ်များကဲ့သို့ သတ်မှတ်ယူရမည်ဖြစ်ကြောင်း ပြောရာ မိုင်းလားတပ်ဖွဲ့မှ တစုံတရာတုန့်ပြန်ဆွေးနွေးခွင့်မပေးဘဲ ထိုင်နားထောင်ရုံ သက်သက်သာ ဖြစ်သည်ဟုဆိုပါ သည်။

“ဧပြီ ၂၈ ရက်က တကယ့်နောက်ဆုံး သတ်မှတ်ရက်တဲ့၊ မပြောင်းလို့ အဲဒီ့ဒက်လိုင်းကုန်သွားရင်တော့ ၁၉၈၉ မတိုင်ခင် အနေအထားအတိုင်း ပြန်ဖြစ်သွားမယ်ဆိုဘဲ။ ဆိုလိုတာက မတရားအသင်းဖြစ်သွားမယ်ပေါ့။ ဗိုလ်ရဲမြင့်က တိုတို တုတ်တုတ် ပြောပြီးခြိမ်းခြောက်တယ်” - ဟု ထိုင်းနယ်စပ်ရောက် ပန်ဆန်းကုန်သည်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

အသွင်ပြောင်းရေးအတွက် မူအားဖြင့် လက်ခံထားသည့် မိုင်းလားတပ်ဖွဲ့၏ တောင်းဆိုချက် ၆ ချက်ကိုလည်း ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က ၂၀၀၈ ဖွဲ့စည်းပုံနှင့် အကြုံးမ၀င်ဟုဆိုကာပါယ်ချခဲ့သည်။

ဖေဖေါ်ဝါရီ ၂၅ ရက်က တြိဂံတိုင်းမှူးဖိတ်ကြားချက်အရ ကျိုင်းတုံတြိဂံစစ်တိုင်းရုံးသို့ မိုင်းလားအဆင့်မြင့် ကိုယ်စား လှယ်အဖွဲ့တဖွဲ့သွားရောက်သော်လည်း ဥက္ကဌ ဦးစိုင်းလင်း ကိုယ်တိုင်မသွားသဖြင့် တိုင်းမှူးဗိုလ် ချုပ်ကျော်ဖြိုးအပါအ၀င် ကျိုင်းတုံရောက်နေသည့် ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့က ရာထူးအဆင့်အတန်းခြင်းမတူဟု ဆိုကာ လက်ခံတွေ့ဆုံခြင်းမရှိပေ။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မိုင်းလားတပ်ဖွဲ့အား နအဖ မှ ခေါ်ယူတွေ့ဆုံ၍ ယခုအကြိမ် (ဧပြီ ၂၈ ရက် ) နောက်ဆုံး သတ်မှတ်ရက်ပေးခြင်းမှာ ပဉ္စမအကြိမ်မြောက်ဖြစ်၏။ ပထမ အကြိမ်- အောက်တိုဘာ ၂၀၀၉၊ ဒုတိယ အကြိမ် ဒီဇင်ဘာ ၂၀၀၉၊ တတိယအကြိမ် ဖေဖေါ်ဝါရီ ၂၀၁၀၊ စတုတ္ထအကြိမ်က မတ်ခ်ျ ၁၀ ရက်နေ့ ဖြစ်ပြီး ယခု ပဉ္စမအကြိမ် နောက်ဆုံးဒက်လိုင်းမှာမူ တကယ့်ဒက်လိုင်းဖြစ်သည်ဟု ပြော၏။ အပစ်ရပ်များ ယခုအခြေအနေအတိုင်း ဆက်လက် ခေါင်းခါ ငြင်းဆန်သွားလျှင် နောက်နောင်လည်းဒက်လိုင်းအများပြားရှိဦးမည်ဟု သုံးသပ်သူများ လည်းရှိသည်။
Read more...

No comments:

Post a Comment