Monday, June 27, 2011

ထိုးစစ်ရုပ်သိမ်းကြောင်း သက်သေပြရန် KIO တောင်းဆို


ချင်းမိုင် (မဇ္စျိမ) ။ ။ အစိုးရဘက်မှ ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းပြီး၊ ထိုးစစ်ဆင်မှု ရုပ်သိမ်းကြောင်း သက်သေ အထောက်အထား ပြသရန် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော်ကို တနင်္ဂနွေနေ့တွင် စာဖြင့်ပေးပို့ တောင်းဆိုလိုက်သည်။

“အစိုးရဘက်က ထာဝရ ငြိမ်းချမ်းရေးလိုချင်ရင် အပစ်အခတ် ရပ်စဲထားတယ်ဆိုတာ သက်သေအထောက် အထားတောင်းဆိုတာပဲ။ အပစ်ရပ်စဲဖို့က အစိုးရဘက်က သက်ဆိုင်ရာ ရှေ့တန်းတပ်ဖွဲ့တွေကို ရုပ်သိမ်းပြီဆိုတဲ့ အထောက်အထားပါပဲ” ဟု KIO ဗဟိုကော်မတီဝင် ဦးလနန်က မဇ္စျိမကို ပြောသည်။

ဦးသိန်းဇော်မှာ ပြည်နယ်မြို့တော် မြစ်ကြီးနား၏ ပြည်သူ့လွှတ်တော်အမတ်လည်း ဖြစ်သည်။

ဦးသိန်းဇော်က အစိုးရလိုလားသော ကချင်အတိုင်ပင်ခံကောင်စီမှတဆင့် ဇွန်လ ၁၇ ရက်နေ့တွင် အပစ်ရပ်ရန် ကမ်းလှမ်းကြောင်း ပြောဆိုသော်လည်း အစိုးရဘက်က လှည့်ဖျားသည်ဟု KIO က သံသယဖြစ်နေသည်။

သက်သေပြချက်ပေးနိုင်လျှင် ကချင်လွတ်မြောက်ရေးတပ် KIA ဘက်မှ ရှေ့တန်းတပ်ဖွဲ့များကို ရုပ်သိမ်း၍ သဘောတူညီမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု စာတွင် ဖော်ပြထားသည်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းမှ အဓိက အစိုးရဘက်မှ သတင်းများ ရယူနေသော နမ့်ဆန်ယန်ရွာ အခြေစိုက် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ စရဖ ရုံးကို KIA တပ်များက တိုက်ခိုက်မှုတရပ် တနင်္ဂနွေမနက် ၂ နာရီခန့်တွင်
ဖြစ်ပွားခဲ့သည်ဟု ဦးလနန်က ပြောသည်။

စစ်ကြောင့် KIO ဗဟိုဌာနချုပ်ရှိရာ တရုတ်နိုင်ငံနှင့် ဆက်စပ်နေသော နယ်စပ်မြို့ လိုင်ဇာသို့ ခိုလှုံဝင်ရောက်လာ သူ ဒုက္ခသည် ၁ သောင်းခန့် ရှိနေသည်ဟု KIO ဘက်က ဆိုသည်။

တနင်္ဂနွေနေ့တွင် လိုင်ဇာ၌ ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့အခမ်းအနား ကျင်းပခဲ့သေးသည်။ ABSDF တပ်ဖွဲ့ဝင်ဟောင်းများနှင့် ဒီမိုကရေစီလှုပ်ရှားသူများက ကချင်စစ်ဘေးဒုက္ခသည်များအတွက် ကျပ် သိန်း ၅ဝ လှူဒါန်းခဲ့ကြသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသော KIO ကို နယ်ခြားစောင့်တပ်အဖြစ် ကာကွယ်ရေး ဦးစီးချုပ်၏ ထိန်းချုပ်မှုအောက် သွတ်သွင်းမည့် အစီအစဉ်ကို KIO က လက်မခံမှုနောက် အပစ်ရပ် ပျက်သွားခဲ့ရာမှ တာပိန်ရေကာတာကို အကြောင်းပြု၍ တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားခဲ့သည်။

Source By Source bymizzimaburmese "
Read more...

No comments:

Post a Comment