Tuesday, August 3, 2010

မွန်ပါတီ ရွေးကောက်ပွဲဝင်ရေး ပြန်သုံးသပ်ရန် တိုက်တွန်း

ဝီရ / ၀၂ သြဂုတ် ၂၀၁၀


၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (အေအမ်ဒီပီ) ၏ လုပ်ရပ်သည် မွန်ပြည်သူတို့အား တွေဝေသွားစေနိုင်သည့်အတွက် ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် မွန်အမျိုးသားကောင်စီက ထပ်မံတိုက်တွန်းလိုက်သည်။
မွန်အမျိုးသားကောင်စီမှ သဘာပတိအဖွဲ့ဝင် နိုင်ဖေသိန်းဇြာက “ပြည်တွင်းက အဓိကျတဲ့ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားပါတီတွေက ဒီရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်နေတဲ့ကြားထဲက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ရွေးကောက်ပွဲဝင်ဖို့ ကြိုးပမ်းခြင်းဟာ မွန်လူထုကို တွေဝေသွားစေနိုင်တယ်။ အမျိုးသားညီညွတ်ရေးကိုလည်း ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ဝင်ဖို့ဆုံးဖြတ်တာကို ပြန်သုံးသပ်ဖို့ တိုက်တွန်းရတာ ဖြစ်တယ်။ အချိန်မနှောင်းသေးပါဘူး” ဟု ပြောကြားသည်။

သြဂုတ် (၂) ရက် ရက်စွဲဖြင့် နိုင်ဖေသိန်းဇြာက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသို့ အိတ်ဖွင့်ပေးစာ အမှတ် (၁) တွင် (က) လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေး၊ (ခ) အဖွဲ့အစည်းပေါင်းစုံ ပါဝင်ရေး၊ (ဂ) တိုင်းရင်းသားပြည်သူလူထု မိမိတို့အထိုက်အလျှောက် ပါဝင်ရေး၊ (ဃ) ရွေးကောက်ပွဲ ရလဒ်ကို တိုင်းရင်းသားပြည်သူလူထု ကြည်ကြည်ဖြူဖြူ လက်ခံရေး ဟူသော အချက် (၄) ချက်အပေါ် အခြေခံ၍ တင်ပြဆွေးနွေးထားသည်။

နိုင်ဖေသိန်းဇြာက “ဒီရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတမှု မရှိဘူးဆိုတာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီလည်း တွေ့မြင်နေရပြီလို့ ယုံကြည်ပါတယ်။ စစ်အာဏာရှင်က ကြံ့ဖွံ့အဖွဲ့ကို အစိုးရငွေကြေး ထောက်ပံ့ပေးပြီး ရွေးကောက်ပွဲ ဝင်ခိုင်းတယ်။ သူတို့လိုလားတဲ့ပါတီတွေက စည်းကမ်းဥပဒေတွေ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်။ ဒါတွေကြောင့် အကယ်လို့ မဝင်သင့်ဘူးလို့မြင်ရင် အချိန်မရွေး နောက်ဆုတ်လို့ ရပါတယ်။ ဘယ်သူကမှ အတင်းအကျပ် ခိုင်းလို့မရပါဘူး။ ဘယ်သူကမှ အပြစ်ယူလို့လည်း မရပါဘူး” ဟု ပြောကြားသည်။

ရွေးကောက်ပွဲ ကော်မရှင်သို့ ပြီးခဲ့သည့်သီတင်းပတ်က ပါတီဝင်အင်အားစာရင်း (၁,၄၀၀) ကျော် တင်ပြထားပြီးဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် အငြိမ်းစား အစိုးရဝန်ထမ်းများ ဖြစ်သော ပြည်နယ်ပညာရေးမှူးဟောင်း နိုင်ငွေသိန်း (နိုင်ဇနူမွန်) က ဥက္ကဋ္ဌ၊ ညောင်နှစ်ပင် အမျိုးသားညီလာခံ ကိုယ်စားလှယ်တဦးဖြစ်သူ နိုင်သိုက်က ဒု-ဥက္ကဋ္ဌ၊ ပြည်နယ်ကျန်းမာရေးမှူးဟောင်း ဒေါက်တာ မင်းနွယ်စိုးက အထွေထွေအတွင်းရေးမှူးအဖြစ်ပါဝင်ကာ မွန်ပြည်သစ် ဗဟိုကော်မတီဝင်ဟောင်းများ ဖြစ်သော နိုင်လဝီအောင်၊ နိုင်တင်လှ စသည့်ပုဂ္ဂိုလ်များလည်း ပါဝင်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြသည်။

နိုင်ဖေသိန်းဇြာက “ရွေးကောက်ပွဲမှာ ငါတို့မဝင်ရင် အချောင်သမားတွေ ဝင်ပြီး နေရာယူသွားမယ်။ အချောင်သမားတွေထက် ဒို့က ဝင်ပြီး နေရာယူရင် အနည်းဆုံး မွန်လူမျိုးအကျိုးအတွက် သယ်ပိုးနိုင်တယ်၊ သက်သက်သာသာ ရှိနိုင်တယ်ဆိုတဲ့ အယူအဆဟာ ရွေးကောက်ပွဲဝင်ဖို့ ယတ္တိယုတ္တာရှိတဲ့၊ ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ဘူး။ ဒီရွေးကောက်ပွဲဟာ အောင်မြင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့ပဲ စစ်အာဏာရှင်တွေက ကြိုးစားနေတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ သူတို့က မပြောဘူး။ ဒါဟာ ပြည်သူကိုရော ကမ္ဘာကြီးကိုပါ လှည့်စားမှာဖြစ်တယ်။ ရွေးကောက်ပွဲဝင်လို့ ကိုယ်က တမတ်တပြားပဲ ရတဲ့အချိန်မှာ စစ်အာဏာရှင်တွေအတွက် အကျိုးအမြတ်တွေက ပိုများနေတယ်။ သူတို့အတွက် အသုံးချခံသက်သက် ဖြစ်မှာကို စိုးရိမ်ရမယ်” ဟု ပြောကြားသည်။

ယခုနှစ်အစောပိုင်းက စတင်ဖွဲ့စည်းခဲ့သည့် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်နိုင်ရန် အထင်ကရ မွန်ဆရာတော်ကြီးများ၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ နိုင်ငွေသိမ်း၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း စသည့်ပုဂ္ဂိုလ်များ ပါဝင်သည့် (၁၅) ဦးကော်မတီက လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုတော့ကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် အဆိုပါ ကော်မတီဝင်အချို့က မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက စည်းရုံးရေး ဆင်းရာတွင် နိုင်ငံရေးသမားများနှင့် မွန်ပြည်သူတို့အကြား နားလည်မှု လွဲစေနိုင်သော ဖြစ်ရပ်များရှိခဲ့ကြောင်း ပြည်တွင်းမှ တက်ကြွလှုပ်ရှားသူ မွန်လူငယ်တဦးက ဆိုသည်။

၎င်းက “နိုင်ငံရေးသမားတွေက ဒီရွေးကောက်ပွဲကို သပိတ်မှောက်တာ လုပ်လို့ရပေမယ့် ပြည်သူတွေကျတော့ ဒါကို ဖြတ်သန်းရမှာပဲလေ။ မွန်ပြည်သစ်နဲ့ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့တို့က ရွေးကောက်ပွဲ မဝင်ကြဘူး။ ကန့်ကွက်ထားကြတယ်။ အခု ပါတီအသစ်ကို ပြည်သူတွေက မဲပေးရမှာလား သို့မဟုတ် မဲရုံကို မသွားဘဲ ကန့်ကွက်ရမှာလား ဆိုတာ ပြည်သူတွေက ဝေခွဲမရ ဖြစ်နေကြတယ်။ ဒါကိုရှင်းဖို့ မွန်နိုင်ငံရေးသမားတွေ စုပြီး အကြံတောင်းတာ လုပ်ခဲ့တယ်။ ဒါပေမယ့် တိကျတဲ့ အဖြေတော့ ထွက်မလာဘူး။ အခုလို မွန်အမျိုးသားကောင်စီရဲ့ ကြေညာချက်ကို ကျနော်တို့ ထောက်ခံတယ်။ ဒါကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီက စဉ်းစားဖို့ လိုတယ်” ဟု ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် စစ်အာဏာရှင်၏ ရွေးကောက်ပွဲအား ဆန့်ကျင်တိုက်ဖျက်ရေးအတွက် စည်းလုံးညီညွတ်မှုအားဖြင့် တိုက်ပွဲဝင်နေသော အရှိန်အဟုန်ကို ထိခိုက် ယိမ်းယိုင်စေနိုင်ကြောင်း ပြီးခဲ့သည့် ဇူလိုင် (၂၆) ရက် သြစတြေးလျနိုင်ငံ အခြေစိုက် မွန်အမျိုးသားကောင်စီက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
Read more...

No comments:

Post a Comment