Monday, July 19, 2010

ဗိုလ်ချုပ်မှူးကြီး၏ ရွေးကောက်ပွဲအလွန် အာဏာတည်ရေး အစီအစဉ် သုံးရပ်ရှိဟုဆို


စိုင်းဇွမ်ဆိုင်း Friday, July 16, 2010


နအဖ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရွေးကောက်ပွဲ အလွန် ကာလတွင်လည်း ၎င်း၏အာဏာ ဆက်လက် တည်မြဲရေး အတွက် အစီအစဉ်များကို ရေးဆွဲထားကြောင်း စစ်ထောက်လှမ်းရေးဟောင်း ဦးအောင်လင်းထွဋ် က ထုတ်ဖော် ပြောဆိုလိုက်သည်။

၆၅ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် စစ်ရေးပြတပ်ဖွဲ့၏ အလေးပြုမှု ခံယူနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုနေပြည်တော်ရှိ စစ်ရေးပြကွင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- Getty Images)

ယင်း အစီအစဉ် များနှင့် ပတ်သက်၍ နေပြည်တော် စစ်တပ် အသိုင်းအဝိုင်းမှ ဦးအောင်လင်းထွဋ်ကို ပြောဆိုထားခြင်း ဖြစ်သည် ဟုလည်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစီအစဉ်များမှာ Plan A, Plan B, Plan C ဟုခေါ်သည့် အစီအစဉ် သုံးခုရှိကြောင်း ပထမ အစီအစဉ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ် ထောက်ခံသည့် အုပ်စုဘက်မှ ပြတ်ပြတ် သားသား အနိုင်ရခဲ့လျှင် ဗိုလ်ချုပ်မှူးကြီး အနေဖြင့် တရုတ်နိုင်ငံ ခေါင်းဆောင် တိန့်ရှောင်ဖိန်၊ အီရန်မှ အရာတိုလာခိုမေနီ တို့ကဲ့သို့ ခေါင်းဆောင်ပိုင်း နေရာတွင် ဆက်လက် နေနိုင်မည် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် နိုင်ငံတော် ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဦးသိန်းစိန်ခေါင်းဆောင်ကာ အခြား စစ်ဘက်အရာရှိဟောင်း များပါဝင်နေပြီး စစ်အစိုးရကိုထောက်ခံသည့်ပါတီအနေဖြင့် ရပ်တည်လျက်ရှိသည်။

နအဖ အစိုးရကိုထောက်ခံသည့် အခြားပါတီတခုမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဖြစ်ပြီး ယင်း ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် လည်း အာဏာရှင်အစိုးရကို ထောက်ခံသည့်ပါတီတခုဖြစ်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် တစည နှင့် စစ်တပ်ကိုထောက်ခံသည့်ပါတီများ ရှုံးနိမ့် ခဲ့သည့်အဖြစ်မျိုး နောက်ထပ် မဖြစ် စေရန် ဗိုလ်ချုပ်မှူးကြီးက ယခုကဲ့သို့ အစီအစဉ်များ ရေးဆွဲထားခြင်း ဖြစ်သည် ဟုလည်း သိရသည်။

သို့သော် လက်ရှိအခြေအနေတွင် USDP ၏ နိုင်ငံတော်ပိုင်ပစ္စည်းများအား ပါတီလှုပ်ရှားမှုများအတွက် အသုံးပြုနေခြင်း အပေါ်ကို တစည ပါတီမှ ဝေဖန်မှုများ ထွက်ပေါ်နေသည်။

ဒုတိယအစီအစဉ် Plan B သည် လာမည့်ရွေးကောက်ပွဲတွင် စစ်တပ်ထောက်ခံသူများသည် ပြတ်ပြတ်သားသား အနိုင် မရခဲ့ လျှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ လက်ရှိ နအဖ ကောင်စီ (သို့) အလားတူ စစ်ကောင်စီတခုသည် အစိုးရ၏ နောက် ကွယ်တွင် ရှိနေမည်ဖြစ်ကြောင်း ဦးအောင်လင်းထွဋ်၏ ဆောင်းပါးတွင်ပါရှိသည်။

စစ်အစိုးရတို့ ကိုယ်တိုင် ရေးဆွဲထားသော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းပါဝင်မည့် စစ်သားများနှင့် အခြားသော ထောက်ခံသူများကြောင့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် အာဏာပြန်လည် ကြီးထွားလာ နိုင်သည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက် လိုက်သည့်အပေါ်တွင်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက နအဖ၏ ရွေးကောက်ပွဲသည် မှန်ကန်သည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည်မဟုတ်ဟု ဝေဖန်နေမှုများ လည်း ဖြစ်ပေါ်နေသည်။

ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအေးသာအောင်က“အားလုံးသိတဲ့အတိုင်းပဲ NLD ဆိုတာက တကယ့် ဒီမိုကရေစီ လမ်းစဉ်ကို ကိုင်စွဲထားတဲ့ပါတီ၊ ဒီလိုအဖွဲ့က ရွေးကောက်ပွဲမဝင်ဘူးဆိုတော့ အစိုးရရဲ့ ရွေးကောက်ပွဲ ဆိုတာက ဘယ်နည်းနဲ့မှ ဒီမိုကရေစီ နည်းလမ်းကျနိုင်မှာမဟုတ်ဘူးလေ၊ အဲဒါကို နိုင်ငံတကာက ဝေဖန်တယ် ဆိုတာကတော့ နည်းလမ်းကျပါတယ်”ဟု ပြောသည်။

နောက်ဆုံးအစီအစဉ်သည် စစ်တပ်ကို ထောက်ခံသူများ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက နောက်တစ်ကြိမ် စစ်တပ်မှ အာဏာပြန်သိမ်းမည် စသည့် အစီအစဉ်သုံးခုကို ဗိုလ်ချုပ်မှူးကြီးက ရေးဆွဲထားကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မည်သို့မျှ အာဏာကို လက်လွှတ်လိမ့်မည် မဟုတ်ကြောင်း ၎င်းနှင့် နီးစပ်သော အသိုင်း အဝိုင်းကဆိုသည်ဟု ဦးအောင်လင်းထွဋ်ကပြောသည်။

လက်ရှိခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော ဝသွေးစည်းညီညွတ်ရေးတပ်မတော်၊ မွန်ပြည် သစ်ပါတီ၊ ကချင်လွတ်မြောက်ရေးတပ်မတော် စသည့်အဖွဲ့တို့မှ နယ်ခြားစောင့်တပ် ကူးပြောင်းရေးကို လက်မခံသေး သည့် ကိစ္စသည်လည်း ဗိုလ်ချုပ်မှူးကြီးအတွက် အခက်အခဲတရပ်ဖြစ်နေသည်။

ထိုကိစ္စများကို ဖြေရှင်းနိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံတို့၏ အုပ်ချုပ်မှု အစီရင်ခံစာများကို သက်ဆိုင်ရာ သံရုံးများမှတဆင့် တောင်းခံမှုများလည်း ရှိကြောင်း ဦးအောင်လင်းထွဋ်က ဧရာဝတီသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး အနေဖြင့် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် အခြားသောပြင်ဆင်မှုများလည်း ရှိသေး ကြောင်းသိရသည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလတွင် ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်နိုင်ရန် စီစဉ်ခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခွင့်မပြုခဲ့သဖြင့် ထုတ်ပြန်ခြင်း မပြုခဲ့ရကြောင်း၊ ဗိုလ်ချုပ်မှူးကြီး၏ ရုံးမှလာသော သတင်းများအရ ရွေးကောက်ပွဲမတိုင်မီ ၆ လ ခန့်အလိုမှသာ ရွေးကောက်ပွဲဥပဒေများထုတ်ပြန်မည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ဆောင်လိုက်ခြင်းသည် နိုင်ငံရေး ပါတီများကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်စေရန် အချိန်ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု ဦးအောင်လင်းထွဋ် ရေးသားထားသည့် “၁၉၉၀ ရွေးကောက်ပွဲမှ ၂၀၁၀ ရွေးကောက်ပွဲသို့” အမည်ရသည့် ဆောင်းပါးတွင် ပါရှိသည်။

ယခုနှစ်တွင် ကျင်းပမည့်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၃ ခုတို့မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့် ၃၉ ပါတီအနက် ၃၈ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည်။
Read more...

No comments:

Post a Comment