Thursday, March 4, 2010

ဝ နယ်ခြားတလျှောက် တရုတ်တပ်အင်အားထောင်ချီဖြည့်ထား

နအဖ နှင့် ၀ တပ်ဖွဲ့ တွေ့ဆုံဆွေးနွေးရေး မချေမတင်ဖြစ်ပြီးနောက်ပိုင်း ၀ နယ်ခြားတလျှောက် တရုတ်ပြည်လုံခြုံရေး တပ်များ အင်အားထောင်ချီ ဖြည့်တင်းထားသည်ဟု စုံစမ်းသိရှိရပါသည်။

“တရုတ်တပ်တွေ နယ်ခြားဘက် ရောက်နေတာ နအဖ တပ်မ ၂ ခု သျှမ်းပြည် အရှေ့မြောက်ဘက် တက်လာ တယ် ဆိုတဲ့အချိန်ကတည်းကဘဲ” - ဟု တရုတ်နယ်စပ်နေထိုင်သူ တဦးက ပြောပါသည်။

တရုတ်ပြည်လုံခြုံရေးတပ်ဖွဲ့

ဂျန္န၀ါရီ လလယ်ပိုင်းကတည်းက တရုတ်တပ်များ နယ်စပ်မျဉ်းတလျှောက် အင်အားဖြည့်ထားခြင်းဖြစ်၏။

တဖက်တွင်လည်း ၀ ပြည်သွေးစည်းရေးတပ်မတော်အား ဆွေးနွေးရန် နအဖကမ်းလှမ်းစဉ် ကျန်းမာရေးကြောင့် လားရှိုးသို့သွားရောက်ဆွေးနွေးရန်မဖြစ်နိုင်ကြောင်း ၀ ခေါင်းဆောင်အကြောင်းပြန်ခြင်း၊ ၀ နယ်ခြားတလျှောက် နအဖ တပ်များစစ်ရေးလေ့ကျင့် ပြင်ဆင်မှုပြုလုပ်လာခြင်းစသည့်အခြေအနေများကြောင့် တရုတ်တပ်များပိုမိုအင်အားဖြည့် တပ်ချ ရာ ယနေ့အထိဖြစ်သည်။

“၀ ဌာနချုပ် မျက်နှာချင်းဆိုင် မိုင်းလျဲမ်းမှာ တရုတ် စစ်အင်အား ၄၀၀-၅၀၀ က အခု ၂၀၀၀ ကျော်တယ်။ လေ ယာဉ်ပစ် လက်နက်ကြီးတွေလဲ ထပ်ချထားတယ်၊ နအဖဘက်ကလဲ မိုင်းလားအဖွဲ့နဲ့ဆွေးနွေးတဲ့ အပတ်တုံးက ဆို ကျိုင်းတုံမှာ MIG 29 ရုရှားတိုက်လေယာဉ် အပြင်းအထန်လေ့ကျင့်ပျံသန်းတယ်။ ပန်ဆန်းမြို့ အရှေ့တောင် ဘက်မှော်ဖဒေသမှာ ဆိုလဲ ဗမာ့တပ်အင်အား ၇၀ လောက်ကနေ အခု ၅၀၀ ထက်မနည်းတိုးလာတယ်” - ဟု နယ်စပ်တလွှားသွားလာသူ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

သျှမ်းပြည်အရေးစောင့်ကြည့်လေ့လာသူတဦးက “ နအဖ က အင်အားသုံးတိုက်ခိုက်မှုမလိုလားသလို အပစ်ရပ်အနေနဲ့ လဲ မလိုလားဘူး။ အခုစစ်ရေးတင်းမာမှု အခြေအနေဟာ ဖဲရိုက်တဲ့သူနဲ့သူတယ်ဗျ၊ ကိုယ့်ဖဲမကောင်းလဲ ကောင်း သယောင်နဲ့ ပိုက်ဆံတိုးလောင်းပြီး တဘက်ကို ခြိမ်းခြောက်၊ ဖဲကွက်ကစားလို့ တဘက်သားရှုံးအောင် လုပ်သလိုပေါ့” - ဟု သုံးသပ်ပြောဆိုပါသည်။

ရုရှားလုပ် MIG 29တိုက်လေယာဉ်(Photo:fwmail.teenee.com)

နအဖဘက်က MIG 29 ရုရှားတိုက်လေယာဉ် စမ်းသပ်ပျံသန်းမှုကြောင့် တရုတ်တို့ကလည်း လေယာဉ်ပစ် လက်နက် ထပ်ချထားခြင်းဖြစ်နိုင်သည်ဟု လည်း ပြောဆိုပါသည်။

နယ်စပ်လုံခြုံရေးအရ ၀ နယ်ထဲ တပ်မ နှစ်ခု စေလွတ်မည်ဟု စစ်အစိုးရပြောဆိုချိန်မှစ၍ ၀ ပြည်သွေးစည်းရေး တပ်မတော်ကလည်း ၂၅ ရက်နေ့ တန့်ယန်းဆွေးနွေးပွဲအပြီး ပန်ဆန်းဌာချုပ်အစည်းအဝေး၌ - ‘ပြည်ထောင်စုမှ ခွဲထွက်ဖို့ အစီအစဉ် မရှိသလို ဗမာ့တပ်မတော်ဘက်သေနတ်ပြောင်းလှည့်ပြီး အရင်တိုက်ခိုက်ဖို့လဲ အစီအစဉ် မရှိ၊ သို့သော် မည်သည့်တပ်ဖွဲ့မဆို ၀ နယ်ထဲခြေတလှမ်းကျွံဝင်လာပါကပစ်ခတ်ဖို့ ၊ မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့ တိုက်ပွဲ စ ရမယ်’ ဟု ဆုံးဖြတ်ချက်ချထားကြောင်း အမည်မဖေါ်လိုသည့် ၀ စစ်ဘက်ရေးရာ အရာရှိတဦးက ပြောပါသည်။

ဝ နယ်ခြားမျဉ်းတလျှောက် (မြောက်ပိုင်း) ကွန်လုံ-ဟိုပန် ဘက်တွင် (ကိုးကန့်အရေးအခင်းချိန်မှစ၍) တပ်မ ၉၉ ၊ ၃၃ တို့တပ်စွဲထားကြောင်း၊ ဂျန္န၀ါရီ လလယ်ပိုင်းတွင် ၀ နယ် အနောက်ဘက်တလွှား (အပစ်ရပ် သျှမ်းပြည် တပ်မတော်) နယ်မြေအတွင်းတွင် တပ် ၅၅ က ထိုးဖေါက်တပ်စွဲထားကြောင်း စောင့်ကြည့် လေ့လာသူများက ပြောဆိုနေကြပါသည်။

Wednesday, 03 March 2010 19:11 သျှမ်းသံတော်ဆင့်

Read more...

No comments:

Post a Comment